Skip to main content

ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှု ရက်သတ္တပတ်အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၃

ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရက်သတ္တပတ် (Global Media and Information Literacy Week 2023) အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှစ်စဉ်အောက်တိုဘာလ၏ စတုတ္ထပတ်ကို ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်သတင်းအချက် အလက်သိနားလည်မှု ရက်သတ္တပတ်အဖြစ် UNESCO (ယူနက်စကို)က ဦးဆောင်သတ်မှတ်ကာ ၂၀၁၂ ခုနှစ်မှစတင်၍ ကမ္ဘာတစ်ဝန်းကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်တွင် စတင်ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်းရှိ သက်ဆိုင်သူများအားလုံးအတွက် မီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှုဆိုင်ရာ တိုးတက်မှုကို ပြန်လည်သုံးသပ်ရန်၊ သတင်းရယူမှုအခြေအနေ တိုးမြင့်လာစေရန်နှင့် မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာတိုးတက်မှုကို ဂုဏ်ပြုရန်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ပြည်သူလူထု၏ အသိပညာများမြှင့်တင်ရန် စည်းရုံးလှုံ့ဆော်မှုများဆောင်ရွက်ရန် အဓိကကျသည့် အခါသမယဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ယခုအခမ်းအနားသည် လူတိုင်းမီဒီယာနှင့် သတင်းအချက်အလက်များ သိနားလည်စေရန်အတွက် ဆောင်ရွက်ခဲ့ကြသည့် အတိတ်ကအောင်မြင်မှုများကို ချီးကျူးဂုဏ်ပြုသည့် အခါသမယလည်းဖြစ်ကြောင်း။

၂၀၂၃ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရက်သတ္တပတ် ၏ ဆောင်ပုဒ်သည် “Media and Information Literacy in Digital Spaces; A Collective Global Agenda” ဒစ်ဂျစ်တယ်ခေတ်ကာလမှာ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုဖြစ်ပြီး ယခုအခမ်းအနားနှင့် ပတ်သက်သည့် လှုပ်ရှားဆောင်ရွက်မှုများကို အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ယခုရက်သတ္တပတ်ကာလအတွင်း ပြည်သူများ အထူးသဖြင့် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၊ လူငယ်လူရွယ်များ၊ ဆရာ ဆရာမများ၊ အခြေခံပညာကျောင်းမှ ကျောင်းသား ကျောင်းသူများကို မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုစွမ်းရည်များ ပိုမိုတိုးတက်လာစေရန် အသိပညာပေး ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ လေ့လာရေး ပို့ဆောင်ခြင်းများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းများ၊ လူငယ်လူရွယ်များအား လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးနေသည့် ဆရာ ဆရာမများအနေဖြင့် သတင်းတု၊ သတင်းမှားနှင့် သတင်းမှန်ကို ခွဲခြားသိမြင်ပြီး လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် အမုန်းစကားများကို ဝိုင်းဝန်းကိုင်တွယ်ဖြေရှင်းခြင်းဖြင့် ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းဖြစ်လာစေရေးအတွက် မျှော်တွေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူငယ်များအတွက် အွန်လိုင်းအသုံးပြုမှု အသိပညာပေးမှတ်တမ်းဗီဒီယိုများကို ပြသသည်။

ယင်းနောက် တက်ရောက်လာသူများအား စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် ဆရာမများနှင့် မိတ်ဆက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား ကျောင်းသူများနှင့်အတူ သတင်းအချက်အလက်၊ အထွေထွေဗဟုသုတ အမေးအဖြေများအား အတူတကွ ဖြေဆိုဆောင်ရွက်ပြီး ဆုရရှိသူများအား အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကာ ခင်းကျင်းပြသထားသော စာအုပ်စာတမ်းများ၊ ဂျာနယ်၊ သတင်းစာများကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက်ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရက်သတ္တပတ်အခမ်းအနား စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်ကြေးမုံက (Moderator) ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်ပြီး စာရေးဆရာမ ဒေါ်သက်သက်နွယ် (သက်သက်နွယ် - ရန်ကုန် တက္ကသိုလ်)၊ ဒေါ်ဝင့်ဝင့်အေး (တရားလွှတ်တော် ရှေ့နေ)၊ စာရေးဆရာမ ဒေါ်ဌေးဌေးမြင့် (ခင်လေး-ပြည်ထောင်စုနယ်မြေ)တို့က သတင်းအချက်အလက် အမှားများ၊ လုပ်ကြံသတင်းများနှင့် အမုန်းစကားများပျံ့နှံ့စေသည့် လူမှုမီဒီယာများ၊ ဆိုရှယ်မီဒီယာ၏ ကောင်းကျိုး၊ ဆိုးကျိုး၊ ဆက်သွယ်ရေးဥပဒေတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြပြီး ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးခွန်းများမေးမြန်းကြရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

ယင်းနောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာတင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး ကျောင်းသား ကျောင်းသူများက ဗဟုသုတမေးခွန်းများ ဆက်လက် ဖြေဆိုခဲ့ကြသည်။

သတင်းစဉ်