Skip to main content

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ စီးပွားရေးလုပ်ငန်းရှင်များနှင့် UMFCCI တွင် တွေ့ဆုံဆွေးနွေး

ရန်ကုန် အောက်တိုဘာ ၂၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စီးပွားရေးလုပ်ငန်းရှင်များနှင့် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

အဆိုပါဆွေးနွေးပွဲသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich၊ နိုင်ငံတကာဆက်ဆံရေးအထူး အရာရှိချုပ် Dmitry KRUTOY၊ ခရွိုင်စတက်ခရိုင်အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ Andrey A.Kononov နှင့် ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ သစ်နှင့် ပရိဘောဂလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံအထည်ချုပ်   လုပ်ငန်းရှင်များအသင်းတို့မှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich က အနာဂတ်ကာလတွင် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံရေလုပ်ငန်း၊ စိုက်ပျိုးရေးထွက်ကုန်များနှင့် အခြားသော ပို့ကုန်ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းများ တိုးမြှင့်ဆောင် ရွက်သွားမည့် ကဏ္ဍများကိုလည်းကောင်း၊ ဆောင်းရာသီ၌ စိန့်ပီတာစဘတ်တွင် ကျင်းပမည့် နိုင်ငံပေါင်း ၃၀ မှ ထုတ်ကုန်များကို ခင်းကျင်းပြသမည့် ပြခန်းနှင့် ဈေးရောင်းပွဲတော်၌ မြန်မာနိုင်ငံမှ ထုတ်ကုန်များကို ပြသနိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး အသေးစားရေအားလျှပ်စစ်ကဏ္ဍ၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းမှုအဖြစ် ဆိုလာနည်းပညာနှင့် ရုရှားလက်ဖက်ခြောက်ထုတ်လုပ်မှုတို့ကို မိတ်ဆက်ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များက နှစ်နိုင်ငံအကျိုးရှိစေမည့် စီးပွားရေးဆိုင်ရာကဏ္ဍများကိုလည်းကောင်း၊ ဆန်တင်ပို့မှုကဏ္ဍ၊ ငါး/ပုစွန်ပို့ကုန်ကဏ္ဍ၊ ပင်လယ် ပြင်ရေနက်၌ ငါးဖမ်းဆီးမှုတွင် သင်္ဘောနှင့်နည်းပညာပိုင်းဆိုင်ရာကဏ္ဍနှင့် အထည်ချုပ်လုပ်ငန်းတို့ကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးရာ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌက ချိတ်ဆက်ဆောင်ရွက်သွားမည့်ကဏ္ဍတို့ကို ရှင်းလင်းပြောကြားသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံမှုသည် ရုရှား-မြန်မာ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်နှင့် ကုန်သွယ်မှုကဏ္ဍတိုးမြှင့် ဆောင်ရွက်သွားရန် ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်