Skip to main content

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ကွင်းဆင်းဆေးကုသမှုများဆောင်ရွက် ကာကွယ်ဆေးအကြိမ်ပြည့်မရရှိသေးသော အသက်တစ်နှစ်မှ ငါးနှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

နေပြည်တော်   အောက်တိုဘာ    ၂၂

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီး၊   ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး - ရန်ကုန်နှင့် မျက်စိရောဂါအထူးကု ဆေးရုံကြီး-ရန်ကုန်တို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ယမန်နေ့နှင့် ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ပြည်သူ့ဆေးရုံကြီး(စစ်တွေမြို့)သို့ စတုတ္ထအကြိမ်အဖြစ် သွားရောက်၍ ပြည်သူ့ဆေးရုံကြီး (စစ်တွေမြို့)မှ အထူးကုဆရာဝန်များနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ အဆိုပါခရီးစဉ်အတွင်း နှလုံးရောဂါဆိုင်ရာလူနာ  ၁၁၅ ဦး၊  ကလေးနှလုံးရောဂါဆိုင်ရာလူနာ ၃၅ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ ၇၂ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေး ကုသမှုဆိုင်ရာလူနာ ၇၅ ဦး၊ ဦးနှောက်နှင့် အာရုံ ကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ ၉၂ ဦး၊  သွေးရောဂါဆိုင်ရာလူနာ ၂၉ ဦး၊ ဆီးနှင့် ကျောက်ကပ်ရောဂါဆိုင်ရာလူနာ ၁၂၀၊  ဆီးချိုနှင့်  ဟော်မုန်း  ရောဂါဆိုင်ရာလူနာ ၉၀၊ အထွေထွေရောဂါ ဆေးပညာဆိုင်ရာလူနာ ၁၇၄ ဦး၊ ရင်ခေါင်းရောဂါဆိုင်ရာလူနာ  ၄၈ ဦး၊ မျက်စိရောဂါဆိုင်ရာလူနာ ၂၀၀ စုစုပေါင်း ဒေသခံပြည်သူ ၁၀၅၀ တို့ကို ကြည့်ရှုကုသမှုပေးခဲ့ပြီး မျက်စိရောဂါလူနာများအနက် ခွဲစိတ်ကုသရန် လိုအပ်သောလူနာများကို အောက်တိုဘာ ၂၃   ရက်တွင်   ဆက်လက်၍   ခွဲစိတ်ကုသမှု ဆောင်ရွက် မည်ဖြစ်သည်။

အဆိုပါလူနာများအနက်   နှလုံးပုံရိပ်ဖော်စက်ဖြင့်   ကြည့်ရှုခြင်း (Echocardiography) ၅၃ ဦး၊ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (OGDS)  ၁၈ ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း ခြောက်ဦး၊ ရိုးတွင်းခြင်ဆီဖောက်၍  စမ်းသပ်စစ်ဆေးခြင်း  တစ်ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan) ခြောက်ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း  ၉၄ ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း  ၁၄၇ ဦး၊ Ultrasound ရိုက်ကူးခြင်း  ၈၇ ဦး၊ နှလုံးစက်ဖြင့်  စစ်ဆေးခြင်း (ECG) ၂၁၂ ဦး၊ ဆီးချိုကြောင့် မျက်စိထိခိုက်မှု ရှိ/မရှိ စစ်ဆေးခြင်း(Fundoscopic Eye  Examination) နှစ်ဦး၊ အစာအိမ်ရောဂါပိုးစစ်ဆေးခြင်း (H.pylori Test)  ၂၁ ဦး၊  သွေးချိုဓာတ် (HbA1C)တိုင်းတာခြင်း  ၃၉ ဦးတို့ကို စမ်းသပ်စစ်ဆေးကုသပေးနိုင်ခဲ့သည်။

လာရောက်ပြသသော   လူနာများတွင်   စစ်တွေမြို့နယ်သာမက ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်  စသည့်မြို့နယ်ပေါင်း  ၁၀ မြို့နယ်မှ  မြို့ပေါ်နှင့်   ကျေးလက်နေပြည်သူများပါဝင်ပြီး   ဆီးနှင့် ကျောက်ကပ်ရောဂါဆိုင်ရာလူနာ ၁၀ ဦး၊ ရင်ခေါင်းရောဂါဆိုင်ရာလူနာ နှစ်ဦး၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဆိုင်ရာလူနာ နှစ်ဦး၊ နှလုံးရောဂါဆိုင်ရာလူနာ လေးဦးနှင့် ကလေးနှလုံးရောဂါလူနာနှစ်ဦး စုစုပေါင်း လူနာ ၂၀ တို့အား ရန်ကုန်ရှိ  သက်ဆိုင်ရာပြည်သူ့ဆေးရုံကြီးများ၌ ဆက်လက်ကုသမှုခံယူနိုင်စေရေး လွှဲပြောင်းဆောင်ရွက် ပေးနိုင်ခဲ့သည်။

အထူးကုဆေးကုသရေးအဖွဲ့များသည်    ၂၀၂၃   ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လေးကြိမ်အပါအဝင် အထူးကုဆေးကုသရေးခရီးစဉ် ၁၅ ကြိမ်  ဆောင်ရွက်ပြီးဖြစ်ကာ ကျန်တိုင်းဒေသကြီး/ပြည်နယ်များသို့လည်း ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းဌာနခွဲသည်  မွေးကင်းစမှ အသက် ၁၈ လအရွယ်အထိ ကလေးများအား ကာကွယ်ဆေး  ၁၂ မျိုးကို အသက်အရွယ်အလိုက် ထိုးနှံ/တိုက်ကျွေးပေးလျက်ရှိပြီး ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးနှင့် အသက်ကိုးနှစ်ပြည့်ပြီးမိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက်အရွယ်အလိုက် ထိုးနှံရသည့် ကာကွယ်ဆေးများ ထိုးနှံရန်ကျန်ရှိသည့် အသက်ငါးနှစ်အောက် ကလေးများကိုလည်း Catch-up (အမီလိုက်) နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ်တွင်လည်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း လုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိပြီး    ယမန်နေ့နှင့်ယနေ့တွင် ပြည်သူ့ဆေးရုံကြီး - စစ်တွေမြို့ ကာကွယ်ဆေးထိုးစုရပ်၌ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖွဲ့မှ အသက်တစ်နှစ်မှ  ငါးနှစ်အတွင်း ကာကွယ်ဆေးလုံးဝမရရှိသေးသည့် ကလေးများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိ သေးသည့် ကလေးများ စုစုပေါင်း ၂၀၅ ဦးကို လိုအပ်သော ကာကွယ်ဆေးများဖြစ်သည့် ပိုလီယိုအစက်ချကာကွယ်ဆေး (bOPV)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး (IPV)၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး (MR)၊ ငါးမျိုးစပ်ကာကွယ်ဆေး (Penta)များ ထိုးနှံ/တိုက်ကျွေးပေးခြင်းနှင့် အသက်ကိုးနှစ်မှ ၁၁ နှစ် မိန်းကလေးငယ် စုစုပေါင်း ၃၉ ဦးကို သားအိမ်ခေါင်းကာကွယ်ဆေး (HPV) ထိုးနှံခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်သူဇော်နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့တွင် ကာကွယ်ဆေးထိုးနှံနေမှုကို လာရောက်ကြည့်ရှုအားပေး၍ (အပေါ်ပုံ) လိုအပ်သည်များကို ပံ့ပိုးပေးခြင်း၊ ကာကွယ်ဆေးထိုးနှံမှု ခံယူနေသည့် ကလေးများအား အာဟာရမုန့်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်