နေပြည်တော် အောက်တိုဘာ ၂၀
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၃၄) ဆွေးနွေးပွဲကို “အခြေခံအဆောက်အအုံကဏ္ဍ ရင်းနှီးမြှုပ်နှံမှု” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့ဆွေးနွေးတင်ပြမည့် အကြောင်းအရာခေါင်းစဉ်ပါ “အခြေခံအဆောက်အအုံကဏ္ဍ ရင်းနှီးမြှုပ်နှံမှု” သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးကြီးပါကြောင်း၊ အခြေခံအဆောက်အအုံဆိုရာတွင် အမာစားအခြေခံအဆောက်အအုံ (Hard Infrastructure) ကို ရုပ်ဝတ္ထုဆိုင်ရာ အခြေခံအဆောက်အအုံ (Physical Infrastructure) နှင့် စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံ (Economic Infrastructure) ဟူ၍လည်းကောင်း၊ အပျော့စား အခြေခံ အဆောက်အအုံ (Soft Infrastructure) ကို လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံ (Social Infrastructure) ဟူ၍လည်းကောင်း အခြေခံအဆောက်အအုံ နှစ်မျိုးခွဲခြားနိုင်ပါကြောင်း။
ကမ္ဘာ့နိုင်ငံများ၌ အခြေခံအဆောက်အအုံများကို တည်ဆောက်ရာတွင် အစိုးရမှတည်ဆောက်ရေးအတွက် ငွေလုံးငွေရင်း အသုံးစရိတ်များလျာထားကာ တည်ဆောက်သကဲ့သို့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနှင့် အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public- Private Partnerships- PPPs) ပုံစံအမျိုးမျိုးဖြင့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ခြင်းများ ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတွင်လည်း ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု (Physical Investment)၊ ငွေကြေးရင်းနှီးမြှုပ်နှံမှု (Financial Investment) နှင့် အနာဂတ်ကိုမျှော်မှန်း၍ ရင်းနှီးမြှုပ်နှံသည့် လူသားရင်းနှီးမြှုပ်နှံမှု (Human Investment) ဟူ၍ ရင်းနှီးမြှုပ်နှံမှု သုံးမျိုးရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်စေရေးနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ဆောင်ရွက်ခြင်းဖြင့် ဝန်ဆောင်မှုများပေးလျက် ရှိပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်အခြေခံကျသော အခြေခံအဆောက်အအုံ ကဏ္ဍများဖြစ်သည့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများ (Economic and Social Infrastructures) တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဖိတ်ခေါ်နိုင် ရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြစန္ဒာက “အခြေခံအဆောက်အအုံကဏ္ဍ ရင်းနှီးမြှုပ်နှံမှု” ခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်