Skip to main content

ပြည်သူ့ရင်ပြင်အတွင်း သီတင်းကျွတ်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပရေးလုပ် ငန်းများအလိုက် ပြင်ဆင်ဆောင်ရွက်လျက်ရှိ

ရန်ကုန် အောက်တိုဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ရာသီပန်းပျိုးပင်များ ပြုစုပျိုးထောင်ထားရှိမှု၊ သီတင်းကျွတ် မီးထွန်းပွဲတော်အတွက် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ မြို့နယ် ၁၂ မြို့နယ်၏ ပန်းကွက်ဖော် ဆောင်ရွက်နေမှု၊ အလှဆင်မီးပန်း သစ်ပင်များ၊ မီးဆိုင်းများ၊ ဖျော်ဖြေ ရေးစင်မြင့်၊ စားသောက်ဆိုင်ခန်းနှင့် ဈေးဆိုင်ခန်းများ ထားရှိရန် ပြင်ဆင်ထားမှုများ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ယာယီကွပ်ကဲရေးရုံးသို့ သွားရောက်၍ သီတင်းကျွတ် မီးထွန်းပွဲတော်အတွက် ဖျော်ဖြေရေး စင်မြင့်၊ စားသောက်ဆိုင်ခန်းနှင့် ဈေးဆိုင်ခန်းများထားရှိရန် ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့်ပတ်သက်၍ အင်ဂျင်နီယာဌာန(အဆောက်အအုံ) ဌာနမှူး၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာ ကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၉ နာရီ တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ရှိ စိတ်ကျန်းမာရေးဆေးရုံကြီးသို့ သွားရောက်၍ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ဆေးရုံဝင်းအတွင်း ရေကြီးရေလျှံ ဖြစ်ပေါ်နေမှုနှင့် လျှပ်စစ် Transformer ခန်းရေများ ဖောက်ထုတ်ပြီး ကြမ်းခင်းကွန်ကရစ်ခင်းကျင်းထားမှု၊ လူနာဆောင်များ၊ စားဖိုဆောင်များမှရေများ ဖောက်ထုတ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် စိတ်ကျန်းမာရေး ဆေးရုံကြီးအရှေ့ ရေနုတ်မြောင်းမှ အမှတ် (၂) လမ်းမကြီးဖြတ်မြောင်း ထိုမှတစ်ဆင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် မြစ်ထွက် ပေါက်မှတစ်ဆင့် ပဲခူးမြစ်အတွင်းသို့ စီးဝင်သည့် မြောင်းတစ်လျှောက် လိုက်လံကြည့်ရှု စစ်ဆေးပြီး အမှတ် (၂) လမ်းမကြီးဖြတ်မြောင်းအတွင်း ပိတ်ဆို့နေသည့် ဗေဒါ၊ ဒိုက်ပင်များ ဆယ်ယူရေးမှာကြားသည်။

ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် စစ်ပင်တောင်ကျေးရွာအနီးရှိ ငမိုးရိပ်ရေထိန်း တံခါးတွင် အမှိုက်များ၊ ဒိုက်ဖတ်များ ဆယ်ယူရှင်းလင်း ဆောင်ရွက် လျက်ရှိသည့်အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်