နေပြည်တော် အောက်တိုဘာ ၁၇
နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့် ဇော်ထူးသည် ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၊ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကမော့လဲ- တခွက်ဖိုး (ပန်တော်မှီ) ကျောက်လမ်းသုံးမိုင် ကတ္တရာထပ်ပိုး လွှာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် မြိုင်ကြီးငူ မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းသို့ ရောက်ရှိ၍ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ကြည့်ရှုစစ်ဆေး
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ- မဲသဝေါ ၃၁ မိုင် လမ်းပေါ်တွင် ဆောင်ရွက်လျက်ရှိသည့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ကျောက်စီရေမြောင်း၊ မြေထိန်းနံရံ၊ ကျောက်စီ မြေကာနံရံ တည်ဆောက်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ထို့နောက် ဘားအံမြို့ရှိ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် ကရင်ပြည်နယ် ဦးစီးမှူးရုံးများ သို့သွားရောက်၍ ရုံး၊ သင်တန်းကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ဘားအံ) ခန်းမ၌ ကရင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၊ ကရင်ပြည်နယ် ဦးစီးမှူးရုံး၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်းနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတို့မှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြ ချက်များနှင့်စပ်လျဉ်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်