Skip to main content

၂၀၂၃ ခုနှစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဇာတ်လမ်းတိုရုပ်ရှင်ပြိုင်ပွဲ ဖိတ်ခေါ် Top Ten ဝင် ဇာတ်လမ်းတိုရုပ်ရှင်ကားများကို နိုင်ငံတကာရုပ်ရှင်ပွဲတော်များသို့ ပေးပို့ပြသသွားမည်

ရန်ကုန် အောက်တိုဘာ ၁၆

၂၀၂၃ ခုနှစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဇာတ်လမ်းတိုပြိုင်ပွဲတွင် ဇာတ်လမ်းတိုရုပ်ရှင်ကားများ ပါဝင်ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဖိတ်ခေါ်ထားပြီး Top Ten ဝင် ဇာတ်လမ်းတိုရုပ်ရှင်ကားများကို နိုင်ငံတကာရုပ်ရှင်ပွဲတော်များသို့ ပေးပို့ပြသသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နိုင်ငံတကာဆက်ဆံ‌ရေးကော်မတီမှ သိရသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် မျိုးဆက်သစ်ရုပ်ရှင်ဖန်တီး ထုတ်လုပ်သူများအား အားပေးမြှင့်တင်ရန်၊ ရုပ်ရှင်အပေါ် စိတ်ဝင်စားမှုနှင့် တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ “မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဇာတ်လမ်းတိုရုပ်ရှင်ပြိုင်ပွဲ ၂၀၂၃”ကို ကျင်းပပေးခြင်းဖြစ်သည်။ ပြိုင်ပွဲခေါင်းစဉ်မှာ “မြန်မာ့ရိုးရာဓလေ့”ဖြစ်ပြီး ယဉ်ကျေးသိမ်မွေ့သော လူ့ဘဝပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေသည့် မြန်မာ့ရိုးရာဓလေ့ကို မီးမောင်းထိုးတင်ပြမှုဖြင့် ရိုက်ကူးယှဉ်ပြိုင်ရမည်ဖြစ်ကာ ပြိုင်ပွဲဝင်ဇာတ်လမ်းတိုများကို ကြာမြင့်ချိန်ပေါ်မူတည်၍ အမျိုးအစားနှစ်မျိုးသတ်မှတ်ပြီး ဆုချီးမြှင့်သွားမည်ဖြစ်သည်။

ဆုအမျိုးအစားတွင် “မြန်မာ့ရိုးရာဓလေ့”ခေါင်းစဉ်ဖြင့် ၅ မိနစ်အောက် ဇာတ်လမ်းတိုရုပ်ရှင်ပြိုင်ပွဲ၌ Jury Award ဆု၊ Audience Award ဆုနှင့် Chairman’s Choice ဆုတို့ကိုလည်းကောင်း၊ ၅ မိနစ်မှ ၂၅ မိနစ်အတွင်း ဇာတ်လမ်းတိုရုပ်ရှင်ပြိုင်ပွဲ၌ Jury Award ပထမ၊ ဒုတိယ၊ တတိယဆု၊ Audience Award ဆုနှင့် Chairman’s Choice ဆုတို့ကိုလည်းကောင်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာတ်လမ်းတိုရုပ်ရှင်ပြိုင်ပွဲတွင် ရုပ်/သံ အရည်အသွေးစံသတ်မှတ်ရာ၌ Full HD; H-264 MP4,Stero 2CH ဖြင့်လည်းကောင်း၊ အသက်ကန့်သတ်ချက်တွင် ဇာတ်လမ်းတိုဖန်တီးရိုက်ကူးသူ ထုတ်လုပ်သူ/ဒါရိုက်တာမှာ အသက်(၂၀)မှ (၄၀)အတွင်း လည်းကောင်း၊ ဇာတ်လမ်းတို များတွင် အသုံးပြုထားသော နောက်ခံတေးဂီတသီချင်းများသည် Copy right ငြိစွန်းမှုမရှိခြင်းဖြင့်လည်းကောင်း၊ ပြိုင်ပွဲဝင်ရန် လျှောက်ထားတင်သွင်းထားသော ရုပ်ရှင်ဇာတ်လမ်းတိုများကို ပြန်လည်ရုပ်သိမ်းခွင့် မရှိခြင်းဖြင့်လည်းကောင်း အရည်အသွေးသတ်မှတ်ထားသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဇာတ်လမ်းတိုပြိုင်ပွဲ ၂၀၂၃ တွင် ဆုကြေးများကို ထိုက်တန်စွာချီးမြှင့်ပေးသွားမည်ဖြစ်ပြီး Top Ten ဝင်သည့် ဇာတ်လမ်းတို ၁၀ ကားကို ဖန်တီးသူတို့အား အသိအမှတ်ပြု ဂုဏ်ပြုလွှာများ ချီးမြှင့်ပေးသွားမည့်အပြင် ဆုရဇာတ်လမ်းတိုများနှင့် Top Ten ဝင် ဇာတ်လမ်းတိုများကို နိုင်ငံတကာရုပ်ရှင်ပွဲတော်များသို့ ပေးပို့ပြသသွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်မည့်သူများအနေဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နိုင်ငံတကာဆက်ဆံရေးကော်မတီတွင် ပြိုင်ပွဲဝင်လျှောက်လွှာကို ရယူဖြည့်စွက်၍ လျှောက်လွှာနှင့်အတူ ပြိုင်ပွဲဝင်လက်ရာ ဇာတ်လမ်းတိုများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက် နောက်ဆုံးထား၍ အမှတ်(၁၆) ဝင်္ကပါလမ်းဗဟန်းမြို့နယ်သို့ လိပ်မူ၍ Memory Stick ပေးပို့ခြင်း(သို့မဟုတ်) မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး Email-mmpo.myanmar@gmail.com သို့ Drive Link ပေးပို့ပါဝင် ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)