Skip to main content

တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနေသည့် မြဝတီမြို့မှ မိုးအထည်ချုပ်လုပ်ငန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြင့်မားစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝတိုးတက်စေရေးတို့အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍကို အဓိကထားဖော်ဆောင်ပေးလျက်ရှိသကဲ့သို့ ကုန်ထုတ်စွမ်းအားစုများကို အခြေခံကာ စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ (MSME) စက်မှုလုပ်ငန်းများတွင် ပြည်တွင်းထုတ်လုပ်မှု ပို့ကုန်ကဏ္ဍ အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ အကောင်အထည် ဖော်ဆောင်ရွက်ပေးရာတွင် ကရင်ပြည်နယ် မြဝတီခရိုင် အမှတ်(၃)ရပ်ကွက် ကြံခင်းလမ်းတွင် တည်ရှိသည့် မိုးအထည်ချုပ်လုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေများကို ပြည်သူများသိရှိစေရန် အထည်ချုပ်လုပ်ငန်းတည်ထောင်သူ ဒေါ်ခင်မိုးဝင်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။

မေး။   မိုးအထည်ချုပ်လုပ်ငန်း စတင်တည်ထောင် ဖြစ်ပုံကို သိပါရစေရှင်။

ဖြေ။    မိုးအထည်ချုပ်လုပ်ငန်းကို ၂၀၁၅ ခုနှစ်က မြဝတီမြို့နယ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ကိုယ်တိုင်အထည်လိပ်တွေကို စိတ်ကြိုက်မှာယူပြီး ဒီဇိုင်းဖော်ချုပ်လုပ်ကာ ထုတ်လုပ်ဖြန့်ဖြူးပါတယ်။

မေး။   မိုးအထည်ချုပ်လုပ်ငန်းအနေနဲ့ ဘယ်လိုအထည်လိပ်တွေကို ကိုယ်တိုင်ချုပ်ပြီး ဘယ်ဒေသတွေကို တစ်ဆင့်ဖြန့်ဖြူးရောင်းချပေးပါသလဲရှင်။

ဖြေ။    ကျွန်မအနေနဲ့ တိုင်းရင်းသားရိုးရာအထည် ကိုယ်တိုင်ဒီဇိုင်း (Pattern)ထုတ်ပြီး နမူနာ ချုပ်လုပ်ကာ အော်ဒါတင်ပါတယ်။ အော်ဒါရရှိတာနဲ့ မြန်မာတစ်ပြည်လုံး ပို့ဆောင်ပေးပါတယ်။

မေး။   မိုးအထည်ချုပ်လုပ်ငန်းအနေနဲ့ ဘယ်လိုချည်ထည်အမျိုးအစားတွေ၊ ဘယ်လို ဒီဇိုင်းမျိုးချုပ်ပြီး ဖြန့်ချိပေးပါသလဲ။

ဖြေ။    အင်္ကျီဒီဇိုင်းပေါ်မှာ မူတည်ပါတယ်။ မြန်မာချိတ်အဆင်တွေဆိုရင် ရင်ဖုံး(သို့မဟုတ်)ရင်စေ့ ရိုးရှင်းပြီး ဝတ်သူတိုင်း အမြင်မှာလှနေစေဖို့အတွက် ဒီဇိုင်းဖော်ပြီးချုပ်ပါတယ်။ ဥပမာ သင်္ကြန်ကာလအတွက်ဆိုရင် သင်္ကြန်ဆင်နဲ့လိုက်ဖက်မယ့် အရောင်တွေ လူငယ်ဆန်ဆန် ချုပ်ပုံလေးတွေ ထုတ်ပါတယ်။

မေး။   အထည်ချုပ်လုပ်ငန်းအတွက် လိုအပ်တဲ့ ချည်ထည်တွေ ဘယ်ဒေသက အများဆုံး မှာယူပါသလဲ၊ ဒါ့အပြင် တစ်နေ့ချုပ်ထည်အနေနဲ့ရော အရေအတွက် ဘယ်လောက်ထိ ထုတ်လုပ်နိုင် ပါသလဲ။

ဖြေ။    မန္တလေးမြို့က အများဆုံးမှာယူဖြစ်ပါတယ်။ မိမိကြိုက်တဲ့ ဒီဇိုင်းဆင်တွေမေးပြီး မှာယူပါတယ်။ ဝန်ထမ်းအင်အားအနေနဲ့ကတော့ ၃၀ ရှိပါတယ်။ တစ်နေ့ထွက်ရှိမှုနှုန်းကတော့ အနည်းဆုံး အထည် ၁၀၀ခန့် ထွက်ရှိပါတယ်။ ဝန်ထမ်းတွေက အထည်ထွက်နိုင်အောင် ကြိုးစားလုပ်ကိုင်ကြပါတယ်။

မေး။   မိုးအထည်ချုပ်လုပ်ငန်းတွင် စက်ရုံလည်ပတ်နိုင်ရေး အလုပ်သမားအင်အား အရေအတွက် ဘယ်လောက်လည်ပတ်မှု ရှိပါသလဲရှင်။

ဖြေ။    အလုပ်သမား အင်အားအနေနဲ့ကတော့ ကတ်တင်ပိုင်း၊ ချုပ်ထည်ပိုင်းနှင့် အကူဝန်ထမ်း စုစုပေါင်း ၃၀ ရှိပါတယ်။

မေး။   အလုပ်သမားတွေရဲ့ အခြေခံလစာအနေနဲ့ အမြင့်ဆုံးလစာ သတ်မှတ်ချက် ဘယ်လို ဆောင်ရွက်ပေးပါသလဲ။ လာရောက်လုပ်ကိုင်သူတွေက မြဝတီဒေသခံအပြင် အခြားဒေသမှ လာရောက်လုပ်ကိုင်သူတွေရော ရှိပါသလား။ နေထိုင်စားသောက်မှု ဘယ်လိုစီစဉ်ဆောင်ရွက် ပေးပါသလဲ။

ဖြေ။    မိုးအနေနဲ့ အကူဝန်ထမ်းအတွက် တစ်လကို တစ်သိန်းရှစ်သောင်းကျပ်ပေးပြီး သီးသန့်မုန့်ဖိုးထပ်ဆောင်းပေးပါတယ်။ အခြေခံလစာကတော့ နှစ်သိန်းကျပ် ဖြစ်ပါတယ်။ မြဝတီ ဒေသခံ အလုပ်သမားတွေက နေ့ဘက်အလုပ်ဆင်း ညဘက်ပြန်ပါတယ်။ အခြားဒေသ ဥပမာ ပဲခူးတိုင်းဒေသကြီးမှ လာရောက်သူတွေအတွက်ကတော့ အဆောင်စီစဉ်ပေးထားပါတယ်။

မေး။   မိုးအထည်ချုပ်လုပ်ငန်းအနေနဲ့ ဝန်ထမ်းတွေအတွက် အခွင့်အရေး၊ ကျန်းမာရေးအစ ဘယ်လိုစီစဉ်ဆောင်ရွက်ပေးပါသလဲ။

ဖြေ။    ကျွန်မအနေနဲ့ လာရောက်လုပ်ကိုင်တဲ့သူတွေအတွက် ပညာလည်းရ၊ ဝင်ငွေလည်းရတဲ့ Cash for Work မှသာလျှင် ဝန်ထမ်းတွေ အဆင်ပြေမှာပါ။ ကျန်းမာရေးအနေနဲ့ကတော့ နယ်ဝေးလာရောက်သူအပြင် ဒေသခံဝန်ထမ်းတွေကအစ အစစအရာရာ ဂရုစိုက်ပေးရပါတယ်။

မေး။   မိုးအထည်ချုပ်လုပ်ငန်းအနေနဲ့ ဒီဇိုင်းအသစ်ရေးဆွဲနိုင်ဖို့ တစ်ဆင့်မြင့် ဒီဇိုင်းသင်တန်းတွေ ဖွင့်လှစ်သင်ကြားနိုင်အောင် စီစဉ်ဆောင်ရွက်ပေးတာရောရှိရင် သိချင်ပါတယ်ရှင်။

ဖြေ။    လတ်တလောအနေနဲ့ကတော့ ဝန်ထမ်းတွေကို ဒီဇိုင်းထုတ်ပြီးသင်ကြားဖို့ အချိန်မပေးနိုင်သေးတာကြောင့် သီးသန့်သင်ကြားမှု မဆောင်ရွက်နိုင်သေးပါဘူး။ အခုဝန်ထမ်းတွေက အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေတဲ့အတွက်ကြောင့် တိုးတက်မှုအနေနဲ့ အထည်အပိုင်းလိုက် ချုပ်တတ်ရုံမက တစ်ထည်လုံး ချုပ်တတ်ပါတယ်။

မေး။   မိုးအထည်ချုပ်လုပ်ငန်းအနေနဲ့ ဝန်ထမ်းတွေအတွက် ကိုယ်ပိုင်လုပ်ငန်း ထူထောင်ဖို့အတွက် အစီအစဉ်ရှိရင် သိချင်ပါတယ်ရှင့်။ အခုချုပ်နေတဲ့ ချည်ထည်အမျိုးအစား သိချင်ပါတယ်။

ဖြေ။    အစီအစဉ်ကရှိပါတယ်။ ဝန်ထမ်းတွေ အမြဲအားပေးပါတယ်။ ခေါင်းဆောင်တစ်ဦးအနေနဲ့ ဝန်ထမ်းတွေထဲကမှ ကြိုးစားသူအတွက်ကတော့ အခွင့်အရေးရှိမှာပါ။ အခုချုပ်နေတဲ့ ချည်ထည်တွေကိုတော့ မန္တလေးမြို့က အများဆုံးမှာပါတယ်။ တစ်လ ဒီဇိုင်းထုတ်လုပ်မှုအရေအတွက် လူငယ်လိုက်ဖက်မယ့် ပုံစံ ၄၀ ကျော်လောက် ချုပ်ရပါတယ်။ အထည်ချုပ်လုပ်ငန်း စတင်တည်ထောင်ကတည်းက လည်ပတ်မှု ခုနစ်နှစ်ကျော် ရှစ်နှစ် ရှိပါပြီ။ အဓိက အခုအထည်ချုပ်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ နေထိုင်စားသောက်မှု အဆင်ပြေရေး အလုပ်အကိုင်အခွင့်အလမ်းအတွက် အမြဲကြိုးစားဆောင်ရွက်နေမှာ ဖြစ်ပါတယ်။

မေး။   မိုးအထည်ချုပ်လုပ်ငန်းအနေနဲ့ တစ်ပိုင်တစ်နိုင်စီးပွားရေး အောင်မြင်မှုမှသည် နောက်ထပ်တိုးချဲ့ဆောင်ရွက်ဖို့ရှိပါသလား။ အခု ချုပ်ထည်တွေ ဖြန့်ဖြူးရောင်းချရာမှာ ပင်ရင်းဈေး ရောင်းချမှု သိချင်ပါတယ်ရှင်။

ဖြေ။    ရန်ကုန်မြို့မှာ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ဖို့ အစီအစဉ်လည်း ရှိပါတယ်။ အထည်လက်ကားဖြန့်ဖြူးဈေးကတော့ အစားစားရှိပါတယ်။ ဝယ်ယူတဲ့ဈေးနှုန်းပေါ် မူတည်ပြီး အများပြည်သူဝယ်ယူနိုင်တဲ့ဈေး ရောင်းချပေးပါတယ်။ အထည်အမျိုးအစားအလိုက် တစ်သောင်းအောက်နဲ့ တစ်သောင်းအထက် ရှိပါတယ်။       

မေး။   နိုင်ငံတော်က အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) တစ်ပိုင်တစ်နိုင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်ပေးလျက်ရှိသလို မိမိဒေသခံပြည်သူတွေ လူမှုစီးပွားဘဝမြင့်မားဖို့အတွက် နောက်ထပ်ဆောင်ရွက်ပေးဖို့ အစီအစဉ်တွေ သိချင်ပါတယ်ရှင်။

ဖြေ။    မိုးအထည်ချုပ်လုပ်ငန်းအနေနဲ့ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိပါတယ်။ တိုက်တွန်းအားပေးစကားအနေနဲ့ အမျိုးသမီးငယ်လေးတွေ မိမိဝါသနာပါရာ စက်ချုပ်လုပ်ငန်းကောင်းစွာသင်ယူပြီး ကိုယ်တိုင်တီထွင်ကြံဆလုပ်ကိုင်လျှင် အလုပ်လက်မဲ့သူ မရှိနိုင်ပါဘူး။ မိသားစုဝင်ငွေ တစ်ဖက်တစ်လမ်းမှ တိုးပွားပြီး စားဝတ်နေရေးအဆင်ပြေလာရင် လူမှုစီးပွားဘဝ လှပသာယာ လာမှာဖြစ်ပါတယ်။

နိုင်ငံတော်မှ ပြည်သူလူထု၏ အလုပ်အကိုင် အခွင့်အလမ်းများ၊ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန် စီးပွားရေးကဏ္ဍကို အဘက်ဘက်မှ ဖန်တီးဖော်ဆောင်ပေးသကဲ့သို့ ကရင်ပြည်နယ် မြဝတီခရိုင် အတွင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ မှတ်ပုံတင်ပြီး အငယ်စားစီးပွားရေးလုပ်ငန်း ၁၇၃ ခုနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ၂၁ ခု စုစုပေါင်း ၁၉၄ ခု ရှိကြောင်းကို ခရိုင်စက်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးဝင်းထွန်းထံမှ သိရသည်။

တွေ့ဆုံမေးမြန်း- ရွှေမြဝတီ၊ ဇာဖြူဝင်း

ဓာတ်ပုံ- သီရိချော