အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ဟာ အင်းသားလူမျိုးတို့ရဲ့ ချစ်စရာကောင်းလှတဲ့ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)ရဲ့ ထင်ရှားလှတဲ့ ရိုးရာဘုရားပွဲတော်တစ်ခုလည်းဖြစ်ကာ ရက်အရှည်ကြာဆုံးကျင်းပတဲ့ ဘုရားပွဲတော်တစ်ခု ဖြစ်ပါတယ်။
ပွဲတော်ရက် ၁၈ ရက်ကြာ ကျင်းပမည်
အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကို သုံးနှစ်ကျော်ကြာ မကျင်းပနိုင်ခဲ့ဘဲ ရပ်နားထားခဲ့ရာမှ ယခုနှစ် အောက်တိုဘာ ၁၅ ရက်မှ စတင်ကာ နိုဝင်ဘာ ၁ ရက်အထိ ပွဲတော်ရက်ကို ၁၈ ရက်တိုင်ကြာမြင့်အောင် ကျင်းပသွားမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ကျော်ကြားခဲ့တဲ့ အင်းလေးရေပေါ်စျေးတည်ရှိရာ ဒေသလည်းဖြစ်တာမို့ ဒီနှစ်မှာ ပြန်လည်ကျင်းပမယ့် ဘုရားပွဲတော်ဟာ ထူးခြားလှတဲ့ပွဲတော်လို့ ဆိုရပါမယ်။
ခရီးသွားဧည့်သည်တွေရဲ့ စိတ်ဝင်စားမှုနှုန်း
တောင်နံရံတွေကာဆီးထားတဲ့ အင်းလေးရေပြင်ကျယ်ဟာ ဘယ်အချိန်ကြည့်ကြည့် လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေအတွက် တအံ့တသြ ဖြစ်ရစမြဲပါပဲ။ အင်းလေးဒေသကို လာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေရဲ့ စိတ်ဝင်စားမှုနှုန်းကတော့ အခုထိကို လျော့ကျသွားခြင်းမရှိခဲ့ပါဘူး။
ပြုပြင်ဖန်တီးထားတာမရှိဘဲ ပင်ကိုသဘာဝအလှတရားတွေ၊ ရှုခင်းတွေကြောင့် အင်းလေးဒေသကို ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်နေကြတာ ဖြစ်ပါတယ်။
ဟိုးအရင်ကထက်စာရင် ဒီသုံးနှစ်ဝန်းကျင်မှာ ဧည့်သည်လာတာ နည်းပါးခဲ့တာမှန်ပေမယ့် စိတ်ဝင်စားမှုအပိုင်းမှာတော့ လျော့ကျမသွားခဲ့ပါဘူး။
အခုနှစ်မှာတော့ ရှမ်းပြည်နယ်အစိုးရက ဦးစီးပြီး အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကို ကျင်းပတာဖြစ်ပါတယ်။ “ကျွန်တော်တို့ရဲ့ ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာစေဖို့အတွက် အခုလို ပြန်လည်ကျင်းပခဲ့တာ ဖြစ်ပါတယ်”လို့ ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ဆိုပါတယ်။
ရိုးရာယဉ်ကျေးမှုဓလေ့တွေကို ပြန်လည်ဖော်ထုတ်ကျင်းပ
အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်နဲ့ အင်းလေးရေပေါ်စျေးတို့ဟာ အင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့စရိုက်တွေကို ယှဉ်တွဲမြင်တွေ့ရတဲ့ ရိုးရာဓလေ့တွေဖြစ်ပါတယ်။ မြန်မာပြည်အနှံ့ ဘုရားဖူးပို့ဆောင်ပေးနေတဲ့ သုခမိန်ဘုရားဖူးပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက “အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကို အခုလို ပြန်လည်ကျင်းပတာဟာ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့သာမက အင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့တွေကို ပြန်လည် ဖော်ထုတ်ကျင်းပနိုင်တာကြောင့် ဝမ်းသာဂုဏ်ယူမိပါတယ်”လို့ စာရေးသူကို ပြောပြပါတယ်။
၂၁ ဌာနသို့ အပူဇော်ခံကြွချီ ပင့်ဆောင်မည်
အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်မှာ ရှေးရိုးရာအစဉ်အလာအတိုင်း ဖောင်တော်ဦးဘုရား ရုပ်ပွားတော်မြတ်များအား ၂၁ ဌာနသို့ အပူဇော်ခံကြွချီ ပင့်ဆောင်မှာ ဖြစ်ပါတယ်။ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူကို သီတင်းကျွတ်လဆန်း ၁ ရက် (အောက်တိုဘာ ၁၅ ရက်)မှ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် (နိုဝင်ဘာ ၁ ရက်) အထိ ၁၈ ရက်ကြာအောင် အင်းလေးဒေသအတွင်း လှည့်လည်ကြွချီအပူဇော်ခံမှာ ဖြစ်ပါတယ်။
သီတင်းကျွတ်လဆန်း ၁ ရက် (အောက်တိုဘာ ၁၅ ရက်) နံနက်ပိုင်းမှာ အင်းလေးဒေသ နမ့်ဟူးရွာရှိ ရတနာစံကျောင်းတော်ကြီးမှ ဒေသစာရီ စတင်လှည့်လည်ကြွချီအပူဇော်ခံပွဲ အခမ်းအနားကို ကျင်းပမှာဖြစ်ပြီး ညောင်ရွှေမြို့ကို သီတင်းကျွတ်လဆန်း ၇ ရက် (အောက်တို ဘာ ၂၁ ရက်)မှာ ရောက်ရှိမှာဖြစ်ပြီး သီတင်းကျွတ်လဆန်း ၉ ရက် (အောက်တိုဘာ ၂၃ ရက်) အထိ အပူဇော်ခံထားရှိမှာ ဖြစ်ပါတယ်။
ဖောင်တော်ဦးကျောင်းတော်မှ စတင်ကြွချီတော်မူမှာဖြစ်ပြီး အင်းတိန်ကြေးပေါခုံကျောင်း၊ အင်းတိန်းစံကျောင်း၊ ဟဲယာရွာမစံကျောင်းမှာ နှစ်ည၊ ငါးဖယ်ချောင်ကျောင်း၊ ကြေးစားကျောင်း၊ ပွဲစားကုန်းကျောင်း၊ လင်းကင်းကျောင်း၊ ညောင်ရွှေမြို့ကျောင်းပေါ်မှာ သုံးည၊ နန်းသဲကျောင်း၊ မိုင်းသောက်ကျောင်း၊ သလဲဦးကျောင်း၊ ကေလာကျောင်း၊ ဇရပ်ကြီးကျောင်း၊ အလိုတော်ပေါက်တောင်ကျောင်း၊ နမ့်ပန်ကျောင်း၊ မန်ကျည်းဆိပ်ကျောင်း၊ ကျိုင်းခမ်းကျောင်း၊ မိုင်းပျိုကျောင်း၊ နောင်တောကျောင်း၊ အင်းပေါခုံကျောင်းနဲ့ ရေသာကျောင်းမှ ဖောင်တော်ဦး ကျောင်းတော်တွေကို ကြွချီပြီး အပူဇော်ခံထားရှိမှာ ဖြစ်ပါတယ်။
ဟိုတယ်တွေရဲ့ အခြေအနေ ပြန်လည်ကောင်းမွန်စပြုလာ
ကိုဗစ်ကာလနဲ့ နိုင်ငံရေးအခြေအနေ ကြားကာလထဲမှာ အင်းလေးဒေသကို ခရီးသွားဧည့်သည်တွေ လာရောက်မှု နည်းပါးခဲ့တာကြောင့် အင်းလေးဒေသကိုမှီခိုပြီး ဖွင့်လှစ်ထားတဲ့ ဟိုတယ်တွေဟာ အရှုံးများစွာနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။ အရှုံးကို ကျားကန်ပြီး မားမားမတ်မတ်နဲ့ ရင်ဆိုင်လာပြီး နောက်မှာ အခုဆိုရင်တော့ ဟိုတယ်တွေရဲ့ အခြေအနေကလည်း ပြန်လည်ကောင်းမွန်စပြုလာနေပြီ ဖြစ်ပါတယ်။
“ဒါ့အပြင် အခုလိုမျိုး ပွဲလမ်းသဘင်မျိုးတွေကို ပြန်လည်ကျင်းပတာဟာ ကောင်းမွန်ပါတယ်။ လူတွေအများကြီး သွားကြလာကြမယ်။ ရိုးရာဓလေ့ကို ပြန်လည်မြင်တွေ့စေနိုင်တဲ့ ပွဲတော်တစ်ခု ဖြစ်ပါတယ်”လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က စာရေးသူကို ပြောပြပါတယ်။
အင်းလေးဒေသတခွင် ပြန်လည်စည်ကားသက်ဝင်လာမည်
မည်သို့ပင်ဆိုစေ ကာလကြာရှည်စွာ မကျင်းပနိုင်ခဲ့တဲ့ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကို ပြန်လည်ကျင်းပနိုင်ခဲ့ပြီး ဘုရားပွဲတော်ကနေ အင်းလေးဒေသတခွင် ပြန်လည်စည်ကားသက်ဝင်လာ တော့မယ်ဆိုတာ ယုံကြည်ရင်း မြန်မာနိုင်ငံအနှံ့က ပြည်သူတွေအနေနဲ့လည်း ဖောင်တော်ဦးဘုရားပွဲတော်ကို သွားရောက်ဖူးမြော်ပြီး ရှမ်းပြည်နယ်ရဲ့ အထင်ကရနေရာတွေကို သွားရောက်လည်ပတ်နိုင်ကြစေဖို့ ဒီတစ်ပတ်အတွက် ရေးသားဖော်ပြပေးလိုက်ရပါတယ်။
ယဉ်လာဒ်၊ ဓာတ်ပုံ-ကိုရဲဝင်းညွန့် (အင်းလေး)