Skip to main content

တောင်သူများကိုယ်တိုင် ပါဝင်ဆွေးနွေးသည့် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၄

တောင်သူ လယ်သမားများ၏ အကျိုးစီးပွားဖြစ်ထွန်းစေရန် ရာသီဥတုဒဏ်၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ပြီး အသက်လျင်သော စပါးမျိုးများ၊ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး အပင်ယိုင်လဲခြင်းမရှိသော စပါးမျိုးများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးနှင့် လက်တွေ့အကျိုးဖြစ်ထွန်းစေမည့် နည်းပညာ လိုအပ်ချက်များထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်၊ ကြိုးပမ်းအားထုတ် မြှင့်တင်ဆောင်ရွက်ရန် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က တိုက်တွန်းပြောကြားသည်။

နည်းပညာဆွေးနွေး

ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန၌ယနေ့နံနက်ပိုင်းက ကျင်းပသည့် (၁၁)ကြိမ်မြောက် တောင်သူ နည်းပညာဆွေးနွေးပွဲ (Farmers' Technical Forum) တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အကျိုးအမြတ်ပိုမိုရရှိ

(၁၁) ကြိမ်မြောက် ကျင်းပသည့် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers' Technical Forum)တွင် စပါး-ငါး စိုက်ပျိုးမွေးမြူရေး (Integrated Paddy-Cum-Fish culture) နှင့်ပတ်သက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပညာရှင်တစ်ဦးကဦးဆောင်ဆွေးနွေးရာ တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည်များ မေးမြန်းခြင်း၊ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းခွင်အတွေ့အကြုံများနှင့် ပတ်သက်၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

အဆိုပါဆွေးနွေးပွဲကို စပါးခင်းအတွင်း ငါးပုစွန်များထည့်သွင်း၍ ရောနှောမွေးမြူခြင်းဖြင့် ရရှိလာနိုင်မည့် သဘာဝမြေဩဇာများကို အသုံးပြုခြင်းကြောင့်တောင်သူအတွက် ဝင်ငွေနှစ်ခုတစ်ပြိုင်တည်းရရှိစေသဖြင့် အကျိုးအမြတ်ပိုမိုရရှိစေရန် အဓိကရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ ဆွေးနွေးပွဲသို့စိုက်ပျိုး ရေးပညာရှင်များ၊ သုတေသီများ၊ လယ်ဝေးမြို့နယ်မှ ဒေသခံတောင်သူလယ်သမားများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

သတင်းစဉ်