နေပြည်တော် အောက်တိုဘာ ၁၄
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ B.Tech သင်တန်းများတွင် ရလဒ်အခြေပြု ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် စစ်ဆေးအကဲဖြတ်ခြင်း စနစ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
လူမှုစီးပွားဘဝဖွံ့ဖြိုးရေး
ဦးစွာဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရေးအတွက် နည်းပညာရည်မြင့်မားရေး ဆောင်ရွက်ရာတွင် အရည်အသွေးစစ်ဆေး အကဲဖြတ်ခြင်းစနစ်သည် အခရာကျကြောင်း၊ သင်ရိုးညွှန်းတမ်းများသည် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ပြည်သူများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးရေး အထောက်အကူပြုပေးနိုင်ရန် လိုအပ်ကြောင်း၊ ယခုအခါ အင်ဂျင်နီယာပညာရေးဆိုင်ရာ ဘွဲ့သင်တန်းများတွင် ရလဒ်အခြေပြုပညာရေးစနစ် (Outcome-based Education System) ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး နိုင်ငံတကာအဆင့်မီ အရည်အသွေး အသိအမှတ်ပြုမှု (Accreditation)ကို ဘွဲ့သင်တန်း အဆင့်အလိုက် ရရှိရေး လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်နေကြောင်း၊ အစိုးရနည်းပညာကောလိပ်များ၌ Syd-ney Accord နှင့်အညီ Compul-sory Core ၊ Common Core နှင့် Discipline Core များဖြင့် သင်ရိုးညွှန်းတမ်းများ ပြုစုရေးဆွဲပြီး သင်ကြားလျက်ရှိကြောင်း၊ သင်ကြားရေး ရည်မှန်းချက်များ (Course Outcomes) ပြည့်မီစေရေး လိုအပ်သော သင်ကြားသင်ယူမှုနည်းစနစ်များ အသုံးပြု၍ သင့်တင့်သော သင်ကြားသင်ယူမှု လုပ်ငန်းစဉ်များ ဖန်တီးပေးခြင်းနှင့် ပြည့်မီခြင်းရှိ/မရှိ ဆန်းစစ်ချက်များ (Assessments)ကို စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ညှိနှိုင်းဆွေးနွေး
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ B.Tech သင်ရိုးညွှန်းတမ်းပြုစုရေး အကြံပေးပုဂ္ဂိုလ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ စုစုပေါင်း ၁၁၅ ဦး (လူကိုယ်တိုင် ၂၆ ဦး၊ ဗီဒီယိုကွန်ဖရင့် ၈၉ ဦး) တက်ရောက်ခဲ့ကြပြီး နိုင်ငံတကာတက္ကသိုလ်များနည်းတူ Semester System ကျင့်သုံးရန်၊ ဘာသာရပ်တစ်ခုစီ၏ ဆန်းစစ်ချက်ရလဒ်ကို သက်ဆိုင်ရာ ဘွဲ့သင်တန်း၏ အတည်ပြုထားသော Qualifica-tion Handbook ပါ သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ တွက်ချက်ဆောင်ရွက်ရန် စသည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်။
မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာ အထက်တန်းကျောင်း (နေပြည်တော်)၌ ကျောင်းသားများ အေးချမ်းစွာ စာမေးပွဲဖြေဆိုမှုများကို ကြည့်ရှုအားပေးကာ သတ်မှတ်စံနှုန်းများနှင့်အညီ စာမေးပွဲကျင်းပဆောင်ရွက်ရန်နှင့် ကျောင်းသားများ စာမေးပွဲဖြေဆိုမှု အဆင်ပြေစေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားသည်။
စွမ်းရည်များ မွမ်းမံသွားရန်
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပင်မဆောင်နှင့် အလုပ်ရုံများတွင် ကြည့်ရှုစစ်ဆေးပြီး MSME စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးအထောက်အကူပြုနိုင်မည့် ကျွမ်းကျင်သက်မွေးပညာရှင်များကို လက်တွေ့ကျကျ မွေးထုတ်နိုင်သည့် အလုပ်ရုံများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီသော သင်ကြားလေ့ကျင့်စနစ်များ ဖြစ်စေရေးအတွက် ဆရာများသည် မိမိတို့၏ စွမ်းရည်များကို အစဉ်ဆန်းစစ်မွမ်းမံသွားရန်၊ ပြည်သူများ အလုပ်အကိုင်များရရှိစေရေးနှင့် ဘဝရပ်တည်ရေး ခိုင်မာစေရေးအတွက် အမှန်တကယ် အကျိုးပြုမည့် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်