Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ မော်စကိုမြို့ရှိ Gazprom ကုမ္ပဏီ၏ Moscow Oil Refinery သို့သွားရောက်လေ့လာ

နေပြည်တော် အောက်တိုဘာ ၁၃

(၆) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် (REW) သို့တက်ရောက်ရန် ရုရှားနိုင်ငံ မော်စကိုမြို့၌ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ မော်စကိုမြို့ရှိ Gazprom ကုမ္ပဏီ၏ Moscow Oil Refinery သို့သွား ရောက်လေ့လာကြသည်။

ရှင်းလင်းတင်ပြ

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Moscow Oil Refinery စက်ရုံ အစည်းအဝေးခန်းမသို့ ရောက်ရှိရာ Gazprom ကုမ္ပဏီတာဝန်ရှိသူများက စက်ရုံသမိုင်းကြောင်း၊ စက်ရုံလည်ပတ်ပြီး စက်သုံး ဆီအမျိုးမျိုး ထုတ်လုပ်နေမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။

ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတွင် ရေနံချက်စက်ရုံအသစ်တည်ဆောက်ရန်နှင့် လက်ရှိ စက်ရုံများကို အဆင့်မြှင့်တင် ပြုပြင်မွမ်းမံရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ရေနံချက်စက်ရုံအသစ် တည်ဆောက်ရာတွင် Petrochemical Complex အဆင့်အထိ တည်ဆောက်၍ ရေနံထွက်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်သွားရန် ရည်မှန်းဆောင်ရွက်နေပါကြောင်း၊ ရေနံချက်စက်ရုံများနှင့် ပတ်သက်သည့် နည်းပညာအကူအညီများ ပံ့ပိုးပေးစေလိုကြောင်း၊ Gazprom ကုမ္ပဏီအနေဖြင့်လည်း မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံ တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများရှိကြောင်း၊ ရေနံချက်စက်ရုံတည်ဆောက်ခြင်း နည်းပညာနှင့် ရေနံချက်လုပ်ခြင်းနည်းပညာများကို သင်တန်းများ ဖွင့်လှစ်ပို့ချပေးစေလိုကြောင်း ဆွေးနွေးပြောကြားပြီး သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံ Control Room ၊ ဓာတ်ခွဲခန်းနှင့် Green Area တို့သို့သွားရောက်၍ ရေနံထွက်ပစ္စည်းများထုတ်လုပ်နေမှုနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို လှည့်လည် ကြည့်ရှုလေ့လာခဲ့သည်။

ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိ

ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ မော်စကိုမြို့ရှိ Moscow Oil Refinery ကို ၁၉၃၈ ခုနှစ်က စတင်လည်ပတ်ခဲ့ပြီး စက်ရုံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို နှစ်အလိုက် အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ ယခုအခါ တစ်နှစ်လျှင် ရေနံစိမ်း ၁၂ ဒသမ ၅ မက်ထရစ်တန်သန်းခန့်ချက်လုပ်နိုင်သည့် နိုင်ငံတကာအဆင့်မီ ရေနံချက်စက်ရုံတစ်ရုံအဖြစ် အဆင့်မြင့် ဓာတ်ဆီ၊ ဒီဇယ်အပါအဝင် ရေနံထွက်ပစ္စည်းအမျိုးအမယ်ပေါင်း ၃၀ ကျော် ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည်။ အဆိုပါ စက်ရုံသည် ကုန်ကြမ်းပမာဏ၏ ၉၉ ဒသမ ၅ ရာခိုင်နှုန်းအထိ ကုန်ချောထုတ်လုပ်နိုင်ပြီး ရေနံချက်လုပ်ခြင်းများကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကို လျှော့ချ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်