နေပြည်တော် အောက်တိုဘာ ၁၁
ကချင်ပြည်နယ် လိုင်ဇာဒေသ မုန်လိုင်ချက်တွင် အောက်တိုဘာ ၉ ရက် ညပိုင်းက ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး KIA အဖွဲ့ဝင်နှင့် မိသားစုအချို့ ထိခိုက်သေဆုံး/ဒဏ်ရာများ ရရှိခဲ့ကာ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အချို့မီဒီယာများက တပ်မတော်အပေါ် ဝေဖန်တိုက်ခိုက်လိုသည့် သဘောဖြင့် မဟုတ်မမှန်စွပ်စွဲ ပြောဆိုရေးသားလျက်ရှိရာ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ရှင်းလင်းပြောကြားချက် အပြည့်အစုံကို ဖော်ပြလိုက်ပါသည်-
ကချင်ပြည်နယ် လိုင်ဇာ မုန်လိုင်ချက်မှာ အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားပြီး KIA အဖွဲ့ဝင်တချို့နဲ့ မိသားစုတချို့ ထိခိုက်ဒဏ်ရာရသေဆုံးတာတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး မနေ့ကလည်း ကျွန်တော် ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေ့မှာ ထပ်မံသတင်း ဖော်ထုတ်ချက်တွေ၊ ကျွန်တော်တို့ရဲ့အမာခံ သတင်းပေးတွေရဲ့ သတင်းပေးပို့ ဖော်ထုတ်ချက် တွေအရ ဖော်ထုတ်ရရှိတဲ့သတင်းကို ပြောပေးမှာဖြစ်ပါတယ်။ ပထမအချက်က မုန်လိုင်ချက် ဒုက္ခသည်စခန်းဆိုပြီး အမည်ခံထားတာဖြစ်ပါတယ်။ အဲဒီနားလေးမှာ KIA သင်တန်းကျောင်း တစ်ခုရှိတယ်။ အဲဒီ သင်တန်း ကျောင်းမှာ အမိုနီယမ်နိုက်ထရိတ် ယမ်းတွေ သိုလှောင်ထား တာရှိတယ်။ ကျွန်တော်တို့ရဲ့ ဖော်ထုတ်ချက်အရ အဲ့ဒီယမ်းတွေကို KIA အဖွဲ့က ခေါင်းဆောင်တွေ နောက်ပြီး ဒေါ်အားလီ(ခေါ်) အားလီကျဲပိုင်တယ်ဆိုတာလည်း ဖော်ထုတ်ရရှိခဲ့ ပါတယ်။ ၉ ရက်နေ့ ညပိုင်း အဲဒီမှာ မတော်တဆမှုဖြစ်ပွားပြီးတော့ ရုတ်တရက်ပေါက်ကွဲတာ ဖြစ်တယ်လို့လည်း သတင်းဖော်ထုတ်ရရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း တရုတ်နိုင်ငံနယ်စပ် ဂိတ်တွေမှာလည်း တရုတ်နိုင်ငံရဲတပ်ဖွဲ့ဝင်တွေက အကြောင်းအရင်းတွေ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပြီး နောက်ပိုင်း တချို့မီဒီယာတွေမှာ တက်လာတဲ့ပုံတွေ တွေ့ရပါလိမ့်မယ်။ အဲဒီပုံတွေကို သေသေချာချာ ကြည့်ကြည့်ရင် ဒီဟာသည် ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာ၊ ပွင့်ထွက်သွားတဲ့နေရာတစ်ခုဖြစ်မှန်း သိသာ တယ်လို့ပြောချင်တယ်။ ဒုတိယအချက်အနေနဲ့ ဒီကိစ္စကို တပ်မတော်က ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘူး။ တပ်မတော်အနေနဲ့ သူတို့စွပ်စွဲသလို ဗုံးကြဲ တာ၊ ပစ်ခတ်တာတွေ မရှိခဲ့ပါဘူး။ သူတို့အနေနဲ့ တပ်မတော်က ဗုံးကြဲပစ်ခတ်ခဲ့တယ်ဆိုရင် ယခင်ကလည်း လက်နက်ကိုင်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက် တွေကိုတွေ့ပါလိမ့်မယ်။ တပ်မတော်က ပစ်ခတ်ခဲ့ တယ်ဆိုပြီး ကျည်ခွံတွေ၊ ကျည်စတွေ၊ သက်သေခံ ပစ္စည်းတွေထုတ်ပြပြီး လုပ်တာမျိုးတွေ ရှိခဲ့တယ်။ တချို့ကလည်း လုပ်ကြံပြီးလုပ်ပြတဲ့ ပုံစံမျိုးတွေဖြစ်ပါတယ်။ အခုအချိန်မှာ ဒီပေါက်ကွဲမှုကြောင့် လူတွေဆုံးရှုံးခဲ့တာကိုလည်း ကျွန်တော်တို့သိရပါတယ်။ အစိုးရအနေနဲ့ ကတော့ ဒီကာလဟာ NCA လက်မှတ် ရေးထိုးထားတဲ့ ရှစ်နှစ်ပြည့်ကာလဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးကို NCA နှစ်ပတ်လည်နေ့တက်ဖို့အတွက် ဖိတ်ခေါ်ထားတယ်။ အနှစ်သာရရှိရှိလုပ်ဖို့ လုပ်နေတယ်။ အဲဒီအချိန်အတွင်းမှာ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပစ်ခတ်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ကြိုးပမ်းလျက်ရှိတယ်။ ဒီအချိန်မျိုးမှာ တပ်မတော်အနေနဲ့ လုပ်စရာအကြောင်းမရှိဘူး။ မနေ့က ကျွန်တော်ပြောသလိုပဲ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အလေးထားပြီး ဆောင်ရွက်နေတာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ လုပ်စရာအကြောင်းမရှိဘူးလို့ ပြောလိုပါတယ်။ ထိခိုက်ဒဏ်ရာရသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ သဘောထားကတော့ တိုက်ပွဲမှာပဲဖြစ်ဖြစ်၊ ပဋိပက္ခတွေမှာပဲ ဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရ သေဆုံးရင် ကျွန်တော်တို့ နိုင်ငံသားတွေပဲ သေဆုံးတာ၊ ဆုံးရှုံးတာဖြစ်တယ်။ KIA ပဲဖြစ်ဖြစ်၊ တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် သေဆုံးရင်လည်း ဒီလူ တွေဟာ ကျွန်တော်တို့နိုင်ငံသား တွေပဲဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့အစိုးရအနေနဲ့ ဝမ်းနည်း ကြောင်းပြောလိုပါတယ်။ နောက်ထပ်ပြောလိုတာက KIA အနေနဲ့ ဒုက္ခသည်စခန်း အမည်ခံ လေ့ကျင့်ရေး စခန်းတွေ၊ ဒုက္ခသည်စခန်း အမည်ခံ KIA အဖွဲ့ အခြေချနေတဲ့ စစ်စခန်းတွေ အမြဲတမ်းလုပ်လေ့ လုပ်ထရှိပါတယ်။ ဒါတွေဟာ တိုင်းရင်းသားပြည်သူ လူထုတွေကို ထိခိုက်နစ်နာစေပါတယ်။ ဒါ့ကြောင့် လူသားချင်းလူသားတံတိုင်းသဖွယ် စစ်ရေးစစ်ရာမှာ အသုံးမပြုဖို့၊ ပြီးရင် ရပ်ရွာ၊ ကျေးရွာတွေနားလေးမှာ ခဲယမ်းတွေ၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ သိုလှောင်တာတွေမလုပ်ဖို့၊ အန္တရာယ်များတဲ့ အလုပ်တွေ ဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။