နေပြည်တော် အောက်တိုဘာ ၁၁
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဓာတ်အားစနစ်ထိန်းချုပ်မောင်းနှင်ရေးဌာန (Russian Power System Operator) သို့ သွားရောက် လေ့လာသည်။
ကြည့်ရှုလေ့လာ
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ ဓာတ်အားစနစ်ထိန်းချုပ်မောင်းနှင်ရေးဌာန (Russian Power System Operator) သို့ ရောက်ရှိပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဓာတ်အားစနစ် ထိန်းချုပ်မောင်းနှင်မှုအခြေအနေကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှု အများဆုံးနိုင်ငံဖြစ်ပြီး ဓာတ်အားပေးစက်ရုံ ၉၉၁ ရုံနှင့် တပ်ဆင်အင်အား စုစုပေါင်း ၂၄၆၅၀၀ မဂ္ဂါဝပ်ရှိကြောင်း၊ ရုရှားတွင် နိုင်ငံအများအပြားကို လွှမ်းခြုံထားသည့် လျှပ်စစ်ဓာတ်အားလိုင်းစနစ် (single synchronous electrical grid) တစ်ခုရှိပြီး ၁၁၀ မှ ၇၅၀ ကီလိုဗို့ရှိ ဓာတ်အားလိုင်း အရှည် စုစုပေါင်း ၄၉၀၀၀၀ ကီလိုမီတာ (မိုင်ပေါင်း သုံးသိန်း ကျော်)နှင့် ဓာတ်အားခွဲရုံစုစုပေါင်း ၁၀၀၀၀ ကျော်ကို ထိန်းသိမ်းမောင်းနှင်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင်လည်း အပူစွမ်းအင် (သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး) (၆၀ ဒသမ ၇ ရာခိုင်နှုန်း)၊ ရေအားလျှပ်စစ် (၁၈ ဒသမ ၈ ရာခိုင် နှုန်း)၊ နျူကလီးယား (၂၀ ရာခိုင်နှုန်း)၊ အခြားလေနှင့် နေရောင်ခြည်သုံးတို့မှ (သုည ဒသမ ၅ ရာခိုင်နှုန်း)တို့ကို အခြေခံထားလည်ပတ်မောင်းနှင်လျက်ရှိပြီး အဓိက အခြေခံထုတ်လုပ်မှုအဖြစ် (Base Load) မှာ နျူကလီးယား ( ၂၀ ရာခိုင်နှုန်း) နှင့် ရေအားလျှပ်စစ် (၁၈ ဒသမ ၈ ရာခိုင်နှုန်း)ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်လိုအပ်သည့် ဓာတ်အားများကို နာရီစဉ်အလိုက် သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးဖြင့် မောင်းနှင်ဆောင်ရွက်နေကြောင်းနှင့် ရုရှားနိုင်ငံအနှံ့အပြား နေရာ ၁၀ ခုမှ နျူကလီးယားဓာတ်ပေါင်းဖို ၃၁ ခုသည် တပ်ဆင်စွမ်းရည် ၂၁၀၀၀ မဂ္ဂါဝပ်ဖြင့် လည်ပတ်နေကြောင်း သိရသည်။
ယင်းနောက် စက်ရုံအစည်းအဝေးခန်းမတွင် ဈေးကွက်အုပ်ချုပ်မှုဒါရိုက်တာ Mr. Katave Andley Mihilovich နှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရုရှား-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာဖြင့် လျှစ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ပိုမိုပူးပေါင်းဆောင်ရွက်လိုကြောင်းနှင့် မိမိတို့အပေါ်တွင် အလေးအနက်ထား၍ ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရသဖြင့် အထူးဝမ်းမြောက်မိပါကြောင်း ပြောကြားပြီး ဓာတ်အားစနစ်ထိန်းသိမ်းမောင်နှင်မှုနှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

 
 
  
  
  
  
 