Skip to main content

ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းနှင့် ပဲခူး-မော်လမြိုင်လမ်းပိုင်း ရထားလမ်းရေကျော်နေရာများ ရေပြန်လည်ကျဆင်း၍ ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲရန်စီစဉ်လျက်ရှိ

နေပြည်တော် အောက်တိုဘာ ၁၁

အောက်တိုဘာ ၈ ရက် နံနက်ပိုင်းမှ စတင် ၍ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရန်ကုန် - မန္တလေး လမ်းပိုင်းရှိ ပဲခူးဘူတာနှင့် ရွှေလှေဘူတာ အကြားနှင့် ပဲခူး-မော်လမြိုင် လမ်းပိုင်းရှိပဲခူးဘူတာ-ကလိဘူတာနှင့် နောင်ပတ္တရားဘူတာအကြားတို့တွင် ရထား လမ်းပေါ် ရေကျော်ခဲ့သဖြင့် လမ်းပိုင်းအတွင်း ရောက်ရှိနေသည့် လူစီးအမြန် ရထားနှစ်စင်းမှ ခရီးသည်များကိုကားများ စီစဉ်၍ ရန်ကုန်ဘူတာကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းခဲ့ရသည်။

ယနေ့နံနက်ပိုင်းမှစ၍ရေများပြန်လည်ကျဆင်းလာသဖြင့်အဆိုပါရေဖုံးလွှမ်းခဲ့သည့် ပဲခူးဘူတာနှင့် ရွှေလှေ ဘူတာလမ်းပိုင်း၊ ပဲခူးဘူတာ-ကလိ ဘူတာနှင့် နောင်ပတ္တရား ဘူတာ လမ်းပိုင်းများသို့ မြန်မာ့မီးရထားမှ တာဝန်ရှိသူများ ကတွဲဆိုင်းကိုးတွဲပါရှိသော ကျောက်ရထားဖြင့် လမ်း၏ကြံ့ခိုင်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောက်ချခြင်း၊ ကျောက်စီခြင်းလုပ်ငန်းများ ဆောင် ရွက်လျက်ရှိသည်။

ထို့အတူ ပဲခူးဘူတာနှင့် ကလိဘူတာအကြား လမ်းပိုင်းအတွင်းသို့လည်း အောက်တိုဘာ ၁၀ ရက်မှ စတင်၍ ကျောက်ရထားတွဲဆိုင်း ရှစ်တွဲဖြင့် ကျောက်ချခြင်း၊ ထူးပေါက် နေရာများတွင် ကျောက်စီထည့်ခြင်းစသည့် လမ်းပိုင်းကြံ့ခိုင်မှုအတွက် လိုအပ်သည်များကို မွမ်းမံပြင်ဆင်၍ ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်