Skip to main content

ပဲခူးမြို့အတွင်း ရေများအမြန်ဆုံး ပြန်လည်ကျဆင်းရေး စီစဉ်ဆောင်ရွက်လျက်ရှိ

ပဲခူး အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့် အတူ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ပဲခူးမြို့ အတွင်း ရေများအမြန်ဆုံးကျဆင်းနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးသဘာဝဘေးကွပ်ကဲမှုရုံး၌ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး သဘာဝဘေးကွပ်ကဲမှုရုံးသို့ ရောက်ရှိလာသည့် စားသုံးကုန်ပစ္စည်းများအား သက်ဆိုင်ရာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးသွားရန်၊ ရေပြန်လည်ကျဆင်းသွားသည့် ရပ်ကွက်/ကျေးရွာများတွင် သောက်သုံး ရေတွင်း/ရေကန်များ အဘိတ်ဆေးခတ်ပေးရန်နှင့် ရေသန့်ဆေးပြားများ ဖြန့်ဝေပေးရန်၊ ပဲခူးမြစ်ရေ ဝင်ရောက်မှုအား ကာကွယ်ရန်အတွက်ကျောက်ကြီးစု ရေတားတာနှင့် ပန်းလှိုင်ရေတားတာများအား ကြံ့ခိုင်မှုပြန် လည်စစ်ဆေးခြင်းအပြင် ရေရှည် အတွက်တမံများ ပြန်လည်မြှင့်တင်ခြင်း၊ ရေထွက်ပေါက်များ တပ်ဆင်ခြင်းတို့ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစိစစ်တင်ပြရန် လိုအပ်ကြောင်းနှင့် ရေကြီးမှုကြောင့် မိုးစပါးစိုက်ဧက၊ ပြန်ပေါ်ဧက၊ ရေနစ်မြုပ် ဆဲဧက၊ ထိခိုက်ဧက၊ ပျက်စီးဧက စာရင်းဇယားများကို နေ့စဉ်တင်ပြပေးရန် ပြောကြားရာတက်ရောက် လာကြသူများက ပဲခူးမြို့ ရေကြီးမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ်လိုအပ်သည်များ ဖြည့်စွက် မှာကြားသည်။

ထို့နောက် ပဲခူးမြို့ အရှေ့ဘက်မြို့ရှောင်လမ်း Box Culvert ဘေး မြေထိန်းနံရံ ပြန်လည်ပြင်ဆင် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မှော်ကန်ရပ်ကွက်နှင့် ပုဏ္ဏားစုရပ်ကွက်များရှိရေများ အမြန်ဆုံးပြန်လည် ကျဆင်းနိုင်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဒိုက်ပင်နှင့် အမှိုက် များကိုဖယ်ရှား ရှင်းလင်းနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ပြီး ပရဟိတအဖွဲ့များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့်တွေ့ဆုံ၍ ပဲခူးမြို့အရှေ့ဘက်မြို့ရှောင်လမ်းနှင့် အနောက်ဘက်မြို့ရှောင်လမ်းများတွင် ရေစီးရေလာကောင်းမွန် စေရေးအတွက် Box Culvert များ၊ တံတားများထည့်သွင်း တည်ဆောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့အရှေ့ဘက် မြို့ရှောင်လမ်း လမ်းမိုင်(၅/၇) အနီး ယာယီဘေလီတံတား တည်ဆောက်နေမှု၊ ဇလပ်ထော်တမံ ရေပိုလွှဲပြန်လည်ပြင်ဆင်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး စားသုံးကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကာ ပဲခူးမြို့ ပုဏ္ဏားစုရပ်ကွက် ပန်းလှိုင်ရေတားတာ ရေကျော်မှုကာကွယ်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၏ ညွှန်ကြားချက်အရ ယာယီရေဘေးရှောင် ကယ်ဆယ်စခန်းများသို့ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ဆန်အိတ် ၅၀၀၊ ဆီ ပိဿာ ၅၀၀၊ ကြက်ဥ/ဘဲဥ၊ ခေါက်ဆွဲခြောက်နှင့် အခြားစားသုံးကုန်များကို ထပ်မံထောက်ပံ့ပေးခြင်း၊ ရပ်ကွက်အလိုက် မီးသတ်ရေသယ်ယာဉ်များဖြင့်သောက်သုံးရေများ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)