Skip to main content

ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ပဲခူးမြို့၌ ရေပြန်လည်ကျဆင်း၍  ပုံမှန်သွားလာနိုင်ပြီဖြစ်

နေပြည်တော် အောက်တိုဘာ ၁၁

အောက်တိုဘာလ ၇ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ၄ ပေခန့် ကျော်လွန်မြင့်တက်ပြီး ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင်းရှိ လူနေရပ်ကွက်များနှင့် အနီးရှိ ကျေးရွာများအတွင်းသို့ ရေများဝင်ရောက်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့်နေရာများသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  လူမှုရေးအသင်းအဖွဲ့များက သွားရောက်၍ ရေဘေးသင့် ဒေသခံပြည်သူ အိမ်ထောင်စု ၆၂၈၂ စု၊ လူဦးရေ ၂၇၃၀၂ ဦးတို့အား ကူညီကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်စုပုံထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး  လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် ပဲခူးမြစ်ရေပြန်လည်ကျဆင်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် လူနေရပ်ကွက်များနှင့် ကျေးရွာများ၊ လမ်းများ၌ ရေပြန်လည်ကျဆင်း၍ ပုံမှန်အတိုင်းသွားလာရောင်းဝယ်မှုများ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း၊ ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ရေး ရေဖုံးလွှမ်းခဲ့သည့် ရထားလမ်းပိုင်းများအား မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ရထားသံလမ်းများ၏ ကြံ့ခိုင်မှုအခြေအနေများအား စစ်ဆေး၍ လိုအပ်သည့် ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။