နေပြည်တော် အောက်တိုဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားခြင်းတို့ကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးတာဝန်ခံများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများနှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာများက ခရိုင်နှင့်မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု၊ နှစ်အလိုက်ဓာတ်အား တိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဓာတ်အားခများကောက်ခံရရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသကဲ့သို့ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို ပိုမိုသယ်ဆောင်နိုင်ရန်ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့ကို ဟန်ချက်ညီ တိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်