Skip to main content

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် အောက်တိုဘာ ၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် အင်းဖြတ်လမ်း၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီချက်ဆီ ၃၈၉၅၂ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၆၉၆၉၆၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာဥပဒေအရလည်းကောင်း၊ စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် ပေါ်တော်မူဘုရားအနီး၌ လိုင်စင်မဲ့ Sambo CZI ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀)နှင့် စစ်ကိုင်းမြို့ ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Hilux Surf ယာဉ်သုံးစီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)တို့ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၇၂၆၉၆၀၀) ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှည်းကူးတိုးဂိတ်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် SHARP ရေခဲသေတ္တာ ၂၃ လုံးအပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၈၀၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၈၀၈၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၃၀ ရက်တွင် မြဝတီကုန်သွယ်ရေးဇုန်၌ ယာဉ်တစ်စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် PVC Flooring ကီလိုဂရမ် ၈၅၀၀(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အောက်တိုဘာ ၁ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Prawn Hornet စားအုန်းဆီ လီတာ ၂၈၈၀ (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၈၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ပဲခူးခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် သုညဒသမ ၃၃၈ တန်နှင့် သစ်မာ သုည ဒသမ ၃၂၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၂၈၀၈)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၃၈၂၈၀၈) ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ အောက်တိုဘာ ၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မန္တလေးမြို့ အမရပူရမြို့နယ် ၁၄၆(A) လမ်း ၆၇x၆၈ လမ်းကြားရှိ စွယ်တော်တိုက်တန်းဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Justus ဘီယာဘူး ၈၄၀၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၈၀၀၀၀၀)ကို လည်းကောင်း၊ မန္တလေးမြို့ အမရပူရမြို့နယ် ၆၇ လမ်းနှင့် ၁၄၆(F) လမ်းထောင့်ရှိ ဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Smart အမွှေးရည်အထုပ် ၈၄၀၊ နို့ချဉ်ပါကင် ၆၆၀ အပါအဝင် ကုန်ပစ္စည်းကိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၂၆၀၀၀၀)ကို လည်းကောင်း၊ လက်ပံလှ-စဉ့်ကူးယာယီစစ်ဆေးရေး စခန်း၌ မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Plastic Sheet ၃၇၅ ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်း ကိုးမျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၂၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၈၄၀၈၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ စက်တင်ဘာ ၂၉ ရက်၊ ၃၀ ရက်နှင့် အောက်တိုဘာ ၁ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၄ မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၁၄၈၁၂၄၀၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်