Skip to main content

တောင်ငူမြို့နယ်မှထွက်ရှိသော ပြည်ပပို့ကုန် ငါးရှဉ့်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ်(၂၂)ရပ်ကွက်၊ ရန်ကုန်-မန္တလေး လမ်းဘေးရှိ ထိပ်တန်း ငါးရှဉ့်ပွဲရုံသည် ၁၉၉၇ ခုနှစ်ကတည်းက လုပ်ငန်းစတင် တည်ထောင်ပြီး ငါးရှဉ့်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သည်မှာ ၂၆ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ငါးလုပ်ငန်းဦးစီးဌာနတွင် ငါးရှဉ့်ဝယ်ယူစုဆောင်းခွင့်လိုင်စင် ရယူထားပြီး ဦးစီးဌာန၏ မူဝါဒနှင့်အညီ ဆောင်ရွက်နေပါသည်။

တောင်ငူမြို့နယ်တွင် မြစ်များ၊ ချောင်းများ၊ ဆည်ကြီးများ၊ အင်းအိုင်များ တည်ရှိနေသော ကြောင့် ငါးရှဉ့်မြှုံးထောင်သူများအနေဖြင့် ဝင်ငွေရရှိနေကြပါသည်။ အင်းအိုင်များမှာ စီလောင်အင်း၊ မုံဇလိမ်အင်း၊ အထက်မယင်း/အောက်မယင်းအင်း၊ ယောက်သဝအင်း၊ ငါးပြားဆယ်ပေပင်ပေါက် အင်း၊ ကျေးအင်း၊ မြစ်ကြီးပေါက်အင်း၊ ငနောက်ချောင်းအင်းနှင့် ငဒင်အင်းတို့ဖြစ်ကြပါသည်။ ၎င်းအင်းများအပြင် မိုးစပါးစိုက် လယ်ကွင်းကြီး ၅၈၀၆၄ ဧက ရှိနေခြင်းသည် သဘာဝအလျောက် ငါးရှဉ့်မွေးမြူထားခြင်းဖြစ်ပါသည်။ မိုးရွာသွန်းမှုများသည့် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများတွင် ငါးရှဉ့်ဝယ်ယူမှု ပိုမိုရရှိသည်ဟုသိရပါသည်။

ငါးရှဉ့်လာရောက်ရောင်းချသူများသည် အနည်းဆုံး ၈၀ ကျပ်သားမှ အများဆုံး ၆ ပိဿာအထိ လာရောက်ရောင်းချကြပါသည်။ ထိပ်တန်းပွဲရုံအနေဖြင့် ဈေးကွက်ဝင်သည့် အကောင်ကြီးများကိုသာ ဝယ်ယူပါသည်။ တစ်ရက်လျှင် ၄၅၀ ပိဿာအထိ ဝယ်ယူရရှိပါသည်။ ငါးရှဉ့်တစ်ပိဿာလျှင် ၈၅၀၀ ကျပ်ဖြင့် ဝယ်ယူပါသည်။ ဝယ်ယူရရှိသော ငါးရှဉ့်များကို မန္တလေးသို့ နေ့ချင်းပို့ပါသည်။

ငါးရှဉ့်ထည့်သည့် ဖော့ဘူးကြီးများကို တဆင့်ဝယ်ယူသည့် ဒိုင်ကြီးများက ပေးပို့ပါသည်။ ထိပ်တန်းပွဲရုံမှ မန္တလေးမြို့ရှိ ဒိုင်ကြီးများသို့ ရောင်းချသည့်အခါ တစ်ပိဿာလျှင် ၉၀၀၀ ကျပ်ရရှိပါ သည်။ မန္တလေးမြို့ရှိ ငါးရှဉ့်ဒိုင်ကြီးများက ပို့ကုန်လိုင်စင်လျှောက်ထား၍ မူဆယ်နယ်စပ်စခန်း၊ ချင်းရွှေဟော်နယ်စပ်စခန်းများမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့သည်ဟု သိရပါသည်။ တောင်ငူမြို့နယ် မှ ထွက်ရှိသော ငါးရှဉ့်များသည် ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားဝင်ငွေ ရရှိနေကြောင်း သိရပါသည်။

DOCA(ပဲခူး)