ရန်ကုန် အောက်တိုဘာ ၃
တရုတ်နိုင်ငံ၌ကျင်းပလျက်ရှိသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း လေးယောက်တွဲပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို အောက်တိုဘာ ၃ ရက်က ဆက်လက်ကျင်းပရာ မြန်မာပိုက်ကျော်ခြင်းအသင်း ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။
အမျိုးသားလေးယောက်တွဲပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် မြန်မာအသင်းက ဂျပန်အသင်းကို နှစ်ပွဲ-တစ်ပွဲ၊ အင်ဒိုနီးရှားအသင်းက ဖိလစ်ပိုင်အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် ပထမပွဲငယ်တွင် ၂၁-၉ မှတ်ဖြင့် အမှတ်ပြတ်အနိုင်ရသော်လည်း ဒုတိယပွဲငယ်တွင် ၂၁-၁၈ မှတ်ဖြင့် ပြန်လည်အရေးနိမ့်သဖြင့် တတိယပွဲငယ်မှာ အဆုံးအဖြတ်ဖြစ်လာသည်။ တတိယပွဲငယ်တွင်မူ မြန်မာအသင်းသည် အမှားအယွင်းမရှိ ကစားကာ ၂၁-၁၅ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ လေးယောက်တွဲ ပိုက်ကျော်ခြင်း အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို အောက်တိုဘာ ၄ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသားအသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲတွေ့ဆုံရာတွင် အင်ဒိုနီးရှားကို အရေးနိမ့်ထားသဖြင့် ရှုံးကြွေးပြန်ဆပ်ပြီး ရွှေတံဆိပ်ရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
မြန်မာပိုက်ကျော်ခြင်းအသင်းသည် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သဖြင့် လက်ရှိကျင်းပနေသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးဆုတံဆိပ်ရရှိရန် သေချာသွားပြီ ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MASTAF

 
 
  
  
  
  
 