နေပြည်တော် အောက်တိုဘာ ၃
၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းနိုင်ရေးအတွက် “သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်အပ်နှင်း နိုင်ရေးစိစစ်ရေးအဖွဲ့”၏ ဂုဏ်အင်္ဂါအရည်အချင်း စိစစ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ (ယာပုံ)
တက်ရောက်
အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြ သည်။
အထူးဂရုပြု ဆောင်ရွက်ရမည်
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ၂၀၂၄ ခုနှစ်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ရန်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ အဆိုပြုလျှောက်ထားလာမှုနှင့်ပတ်သက်၍ ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ၂၀၂၄ ခုနှစ်တွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ အဆိုပြုလျှောက်ထား လာသည့် အဆိုပြုစာရင်းများအနက် ပြည်တွင်းမှရဟန်းတော်များ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့၏ စိစစ်ချက်များကို သတ်မှတ်သည့်နေ့ရက်တွင် “ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့”သို့ အချိန်မီတင်ပြနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးကြရန် အထူးမေတ္တာရပ်ခံပါကြောင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းခြင်းသည် နိုင်ငံတော်၏ ကိုယ်စားသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စိစစ်ရွေးချယ်ဆောင်ရွက်ရသည့်အတွက် သတ်မှတ်ဂုဏ်အင်္ဂါအရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်များမကျန်ရစ်စေရေး၊ ဂုဏ်အင်္ဂါအရည်အချင်းများ စိစစ်ရာတွင်လည်း အမှားအယွင်းအတိမ်း အစောင်းမရှိစေရေး အထူးဂရုပြုဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေး
ဆက်လက်၍ သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းနိုင်ရေးအတွက် ဦးစီးဌာနအလိုက် အဆိုပြုလွှာများ စိစစ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြကြပြီး ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအေးထွန်းက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်