Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ MSME များ လှည့်လည်ကြည့်ရှုစစ်ဆေးး

နေပြည်တော် အောက်တိုဘာ၂

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ အဂ္ဂဂေဟာ မြန်မာမှုပန်းပုလုပ်ငန်း၊ ဇမ္ဗူသီရိမြို့နယ် မြို့မဈေးရှိ အိမ်ရှင်မ ဆန်၊ ဆီ လက်လီ/လက်ကား ရောင်းဝယ်ရေးလုပ်ငန်း၊ သပြေကုန်းဈေးပွဲရုံတန်းရှိ စောနေလစားသောက်ကုန်လုပ်ငန်းနှင့် နေပြည်တော် ပုံရိပ်သစ် သစ်ထွင်းလေဆာပန်းချီလုပ်ငန်း၊ ဒက္ခိဏသီရိမြို့နယ်ရှိ April Four Co., Ltd. ရဲယိုဖျော်ရည် ထုတ်လုပ်မှုလုပ်ငန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် MSMEများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် MSME စတင်ဆောင်ရွက်မည့်လုပ်ငန်းများ၊ လုပ်ငန်းတိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းရှင်များအတွက် ငွေကျပ်ဘီလီယံ၁၇၀ကို MSMEအထူးရန်ပုံငွေအဖြစ် ထူထောင်၍ ထုတ်ချေး ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ MSME များသည် သွင်းကုန်အထွက်တိုးလုပ်ငန်းများ ဖြစ်၍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ငန်းရှင်များကလည်း ကြိုစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSME များ၏ ထုတ်ကုန်များ တွင်ကျယ်စွာ ရောင်းချနိုင်ရန်နှင့် ထုတ်ကုန်ပစ္စည်းများအား သုံးစွဲသူပြည်သူများ လွယ်လင့်တကူသိရှိနိုင်ရေးအတွက် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေး ဒစ်ဂျစ်တယ်စီးပွားရေးစနစ်နှင့်ပတ်သက်သည့် နည်းပညာသင်တန်းကိုလည်း မိတ်ဖက်အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုဖြင့် ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးပြီးဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနရှိ ဓာတ်ခွဲခန်းများမှ MSMEများ၏ ထုတ်ကုန်များအနက် စားသောက်ကုန်ပစ္စည်းများကို ပြည်သူများ ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ရေးအတွက် စစ်ဆေးပေးခြင်း၊ လိုအပ်သည့်အကြံဉာဏ်များပေးခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်မှ သတ်မှတ်ထုတ်ပြန်ထားရှိသည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များနှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်း အနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ လက်ထောက်အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယအထွေထွေမန်နေဂျာများ တက်ရောက်ကြပြီး စက်ရုံမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးဌာနမှူးများ၊ စိုက်ကွင်း/ စိုက်ခြံတာဝန်ခံများ၊ စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများက Virtualစနစ်ဖြင့် သတ်မှတ်နေရာအသီးသီးမှ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်တင်ဘာ ၂၉ ရက်က ကျင်းပပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(/၂၀၂၃)တွင် နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ခဲ့သည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်