နေပြည်တော် အောက်တိုဘာ ၂
အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)၊ နှစ်(၁၀၀)ပြည့်အခမ်းအနား၊ ဓာတ်ရောင်ခြည်နှင့် ကင်ဆာရောဂါကုသဆောင်ဖွင့်ပွဲနှင့် အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ အဆိုပါဆေးရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အငြိမ်းစားဆေးဝန်ထမ်းတပ်ဖွဲ့ဝင် အရာရှိကြီးများ၊ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ တိုင်းမှူးဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်တို့က အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)၊ နှစ်(၁၀၀)ပြည့် အခမ်းအနားကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှတ်(၁)တပ်မတော် ဆေးရုံ(ခုတင်-၇၀၀)၊ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)၊ နှစ်(၁၀၀) ပြည့် အထိမ်းအမှတ်၊ ဓာတ်ရောင်ခြည်နှင့် ကင်ဆာရောဂါ ကုသဆောင်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး ဓာတ်ရောင်ခြည်နှင့် ကင်ဆာကုသဆောင်အတွင်း လှည့်လည်ကြည့်ရှုကြပြီး ကင်ဆာဆောင်၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် လူနာများအား လိုက်လံကြည့်ရှုအားပေးကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
နှစ် (၁၀၀) ပြည့် အခမ်းအနားသို့ရောက်ရှိ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)၊ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်နှင့် အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အခမ်းအနားသည် ဆေးဝန်ထမ်းတပ်ဖွဲ့၏ ဆေးရုံကြီးတစ်ရုံဖြစ်သည့် အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) တည်ထောင်ခဲ့သော နှစ်(၁၀၀)ပြည့်သည့် အခမ်းအနားပင်ဖြစ်ကြောင်း၊ ဆေးရုံကြီးကို ၁၉၂၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ခေတ်အဆက်ဆက် ကောင်းမြတ်သည့် အစဉ်အလာများကို လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့သည့်အတွက် ယခုအခါတွင် အလွန်ဂုဏ်ယူဖွယ်ရာ နှစ်(၁၀၀)ပြည့် အခမ်းအနားသို့ ရောက်ရှိခဲ့ကြောင်း၊ ထို့အတူဆေးဝန်ထမ်းတပ်ဖွဲ့၏ သုတေသနဆောင်ရွက်ချက်များကို နိုင်ငံတကာအထိရောက်ရှိအောင် တင်ပြနိုင်သည့် အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ရှည်လျားလှသော သမိုင်းကြောင်းရှိသည့် အမှတ် (၁)တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) (ပြင်ဦးလွင်)၌ ယခုနှစ်တွင် ကျင်းပနိုင်ခဲ့ခြင်းသည်လည်း အလွန်ပင် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း။
ပြင်ဦးလွင်တွင် စတင်ဖွင့်လှစ်ခဲ့
အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) ဆေးရုံ၏ ရှည်လျားသည့်သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မည်ဆိုပါက ၁၉၂၃ ခုနှစ်တွင် အင်္ဂလိပ်တို့သည် British Militry Hospital အဖြစ် ပြင်ဦးလွင်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ စတင်ဖွဲ့စည်းစဉ်က ခုတင်-၂၅ လုံးဆံ့ဆေးရုံအဖြစ် စတင်တည်ထောင်ထားရှိခဲ့ပြီး အင်္ဂလိပ်လူမျိုးစစ်မှု ထမ်းအရာရှိများကိုသာ တက်ရောက်စေခဲ့သည်ဟု အမိန့်မှတ်တမ်းများအရ သိရှိရကြောင်း။
၁၉၃၁ ခုနှစ်တွင် ခုတင်-၅၀ ဆံ့ ဗြိတိသျှစစ်ဆေးရုံ၊ ၁၉၄၃ ခုနှစ်တွင် အမှတ်(၈)စစ်ဆေးရုံ (ခုတင်-၁၀၀) ၊ ၁၉၄၆ ခုနှစ်တွင် အမှတ်(၁)စစ်ဆေးရုံ (မေမြို့)၊ ၁၉၄၈ ခုနှစ်တွင် ဗမာ့တပ်မတော်ဆေးရုံ (ခုတင်-၃၀၀)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၅၃ ခုနှစ်တွင် အခြေစိုက်စစ်ဆေးရုံ(ခုတင်-၅၀၀) အဖြစ်တိုးချဲ့ကာ လူနာများကိုပိုမိုလက်ခံကုသခဲ့ပြီး ကုသရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၁၉၆၃ ခုနှစ်တွင် အမှတ်(၁)အခြေချစစ်ဆေးရုံ (ခုတင်-၅၀၀) အဖြစ် အမည်ပြောင်းလဲခဲ့ကြောင်း၊ ထိုသို့ပြောင်းလဲခဲ့ရာ ၁၉၈၆ ခုနှစ်တွင် အမှတ်(၁)အခြေချစစ်ဆေးရုံ (ခုတင်-၇၀၀)၊ ၂၀၀၂ ခုနှစ်တွင် အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၂၀၁၆ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် ဌာနများ တိုးချဲ့ပြီး ဖွဲ့စည်းပုံပြင်ဆင်နိုင်ခဲ့ကြောင်း။
အဆင့်ဆင့်တိုးချဲ့တည်ဆောက်နိုင်ခဲ့
ဆေးရုံကို စတင်ဖွင့်လှစ်ခဲ့စဉ်က အုပ်ချုပ်မှုအဆောက်အဦ ၆ လုံး၊ ဆေးကုသမှုအဆောက် အဦ ၁၀ လုံးနှင့် လူနေအဆောက်အဦ ၅ လုံး၊ စုစုပေါင်း ၂၁ လုံးတို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ရာမှ ယခုအချိန်တွင် အုပ်ချုပ်မှုအဆောက်အဦ ၃၁ လုံး၊ ဆေးကုသမှု အဆောက်အဦ ၃၈ လုံးနှင့် လူနေအဆောက်အဦ ၁၀၇ လုံး စုစုပေါင်း ၁၇၆ လုံးအထိ အဆင့်ဆင့် တိုးချဲ့တည်ဆောက်နိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
ဆေးရုံကြီးတွင် အဆောက်အဦပိုင်းဆိုင်ရာ တိုးတက်သည့်နည်းတူ ကုသမှုဆိုင်ရာ စွမ်းဆောင် ရည်များသည်လည်း တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ဆေးရုံစတင်ဖွင့်လှစ်ချိန် အစောပိုင်းကာလများ၌ အထွေထွေကုသမှုများကိုသာ ဆောင်ရွက်နိုင်ခဲ့သော်လည်း ခေတ်အဆက်ဆက် ကြိုးပမ်းအားထုတ်မှုများကြောင့် အဆင့်မြင့် အထူးကုသမှုများအား တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆေးရုံကြီး၏ ထူးခြားသော စွမ်းဆောင်ရည်များ အနေဖြင့်ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ဆေးပညာကုသမှုဌာနအား ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး လူနာပေါင်း ၇၀၀၀ ကျော်ကို သွေးသန့်စင်ပေးနိုင်မှု အကြိမ်အနေဖြင့် ၁၉၂၅၀ ခန့် ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း။
ထို့အပြင် ၁၉၉၈ ခုနှစ်မှစတင်၍ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် မှန်ပြောင်းနှင့် ရောဂါရှာဖွေကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မှန်ပြောင်းမှတစ်ဆင့် သည်းခြေကျောက်တည်လူနာ ၁၁၉၄ ဦး အပါအဝင် စုစုပေါင်းလူနာ ၉၉၃၀ ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ နှလုံးကုသမှုဆေးပညာဌာနကို ၂၀၀၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနှလုံး၏ လုပ်ဆောင်နိုင်မှုကို စမ်းသပ်ခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ ရှိ/မရှိ စမ်းသပ်ခြင်းနှင့် နှလုံးစည်းချက် မှန်ကန်မှုရှိ/မရှိ စမ်းသပ်ခြင်းများကိုလည်း လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ယနေ့အချိန်အထိ နှလုံးသွေးကြောချဲ့ကုသခြင်း ၃၅၅ ဦးအပါအဝင် စုစုပေါင်းလူနာ ၁၅၈၅ ဦးကို ကုသပေးနိုင်ခဲ့ကြောင်း။
အောင်မြင်စွာ ခွဲစိတ်ကုသပေး
ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ခွဲစိတ်ကုသမှုဌာနအနေဖြင့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသ ပေးနိုင်ခဲ့သောလူနာ ၃၈ ဦးအပါအဝင် စုစုပေါင်းလူနာ ၁၉၇၄ ဦးကို ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသမှုဌာနအနေဖြင့် အရေးပေါ်ခွဲစိတ်ကုသခြင်းအပါအဝင် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါ စုစုပေါင်း ၇၈၁ ဦးအား အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း။
ထိခိုက်ဒဏ်ရာနှင့် အရိုးအကြောကုသမှုဌာနအနေဖြင့် အရိုးရောဂါ အကြီးစားခွဲစိတ်ကုသမှုပေါင်း ၂၆၈၄ ဦး၊ အသေးစားခွဲစိတ်ကုသမှုပေါင်း ၃၄၆၉ ဦး စုစုပေါင်း လူနာ ၆၁၅၃ ဦးအား အောင်မြင်စွာ ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ဆေးရုံကြီးတွင် ရောဂါရှာဖွေမှုများကို ဆောင်ရွက်လျက်ရှိသည့် ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာဌာနအနေနှင့် ကွန်ပျူတာဓာတ်မှန်စက် (CT Scan) အသုံးပြု၍ ရောဂါရှာဖွေခြင်း ၇၆၆၉ ဦး၊ သံလိုက်လိုင်း အသုံးပြု ရောဂါရှာဖွေခြင်း (MRI Scan) ၂၃၁၀ အပါအဝင် စုစုပေါင်းလူနာ ၁၂၂၄၈ ဦးအားရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။
ထို့အပြင် ဆေးရုံကြီးဖွင့်လှစ်ချိန်ကစ၍ ယနေ့အချိန်အထိ ကလေးငယ်ပေါင်း ၃၁၀၇၁ ဦးကို မွေးဖွား သန့်စင်ပေးနိုင်ခဲ့ပြီးယခုကဲ့သို့ အန္တရာယ်ကင်းစွာဖြင့် မွေးဖွားပေးနိုင်ခဲ့သည့်အတွက် အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်ခဲ့ပြီး နိုင်ငံတော်အတွက် တန်ဖိုးရှိသည့် သားကောင်း၊ သမီးကောင်းရတနာများ ပေါ်ထွန်းစေနိုင်ခဲ့ကြောင်း။
ယခုကဲ့သို့ အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) ၏ နှစ်(၁၀၀) ပြည့် အခမ်းအနားနှင့်အတူ ယနေ့တွင် အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကိုလည်း တစ်ပေါင်းတည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း။
ဂုဏ်ယူဖွယ်ရာ သမိုင်းမှတ်တိုင်များ
ဆေးဝန်ထမ်းတပ်ဖွဲ့သည် စတင်တည်ထောင်စဉ်ကပင် ကုသရေး၊ ရောဂါရှာဖွေရေးနှင့် ကာကွယ်ရေးလုပ်ငန်းများအပြင် ဆေးသုတေသနလုပ်ငန်းများကိုပါ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့သုတေသန တွေ့ရှိချက်များကို ၁၉၉၀ ပြည့်နှစ်ကပင်စတင်ခဲ့ပြီး ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ကျင်းပလာခဲ့သည်မှာ ယခုအကြိမ် (၃၀) ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ခေတ်မီတိုးတက်ပြောင်းလဲလာသည့် ဆေးပညာရပ်များနှင့်အညီ နှီးနှောဖလှယ်ပွဲများတွင် တင်သွင်းခဲ့သော ဆေးပညာရပ်ဆိုင်ရာ အကြောင်းအရာများသည်လည်း မျက်မှောက်ခေတ် အခြေအနေများနှင့်အညီ အဆင့်မြင့် တိုးတက်လာခဲ့သည်ကို တွေ့ရှိရကြောင်း၊ အကြိမ်(၃၀)မြောက်အထိ ဖြတ်သန်းလာခဲ့သည့် ခရီးစဉ်တစ်လျှောက်တွင် စာတမ်းပေါင်း ၁၅၄၄ စောင်၊ ပိုစတာပေါင်း ၉၂၀၊ ဟောပြောဆွေးနွေးမှုပေါင်း ၂၃၁ ခု စသည်တို့ကို တင်သွင်းဖော်ပြနိုင်ခဲ့ခြင်းသည်လည်း ဆေးဝန်ထမ်းတပ်ဖွဲ့၏ ဂုဏ်ယူဖွယ်ရာ သမိုင်းမှတ်တိုင်များပင် ဖြစ်ကြောင်း။
သုတေသနများမှ ရရှိလာသောတွေ့ရှိချက်များအား ရောဂါရှာဖွေရေး၊ ကုသရေးနှင့်ကာကွယ်နှိမ်နင်းရေးနယ်ပယ်များတွင် အသုံးပြုခြင်းအားဖြင့် တပ်မတော်နှင့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးများစွာ ရှိစေခဲ့ကြောင်း၊ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆောင်ရွက်နိုင်ခဲ့သည့် သုတေသနတွေ့ရှိချက်များသည် ရောဂါကာကွယ်ရေး၊ ရှာဖွေရေးနှင့် ကုသရေးလုပ်ငန်းများတွင် များစွာအကျိုးရှိရှိ အသုံးချနိုင်ခဲ့ပြီး အောင်မြင်မှုများ များစွာရရှိခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
အမြင်ချင်းဖလှယ်ဆွေးနွေး
ယခုကျင်းပသည့် အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို “ကျန်းမာရေးစနစ် ပြောင်းလဲမှုများတွင် တပ်မတော်ဆေးပညာရှင်များ၏ စွမ်းရည်မြှင့်တင်ခြင်း” ဆိုသည့်ခေါင်းစဉ်ကို အခြေခံပြီးဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့်လည်း အဆိုပါခေါင်းစဉ်အပေါ်တွင် အခြေခံပြီးမိမိတို့၏ အတွေ့အကြုံ၊ ဗဟုသုတများနှင့် အမြင်ချင်းဖလှယ်ကာ ဆွေးနွေးမှုများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်ပြီး ဦးတည်ချက်(၉)ရပ်ကို အကောင်အထည်ဖော်ရာတွင် လူမှုရေးဦးတည်ချက်(၃)ရပ်အနက် တစ်မျိုးသားလုံး အသိပညာ၊ အတတ်ပညာမြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေးနှင့် တစ်မျိုးသားလုံးသက်ရှည် ကျန်းမာကြံ့ခိုင်စေရေးအတွက် ပြည်သူအားလုံး အကျိုးဖြစ်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစား မြှင့်တင်မှုဆောင်ရွက်ရေး ဦးတည်ချက်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်သကဲ့သို့ အသစ်ဖွင့်လှစ်လိုက်သည့် ကင်ဆာရောဂါကုသရေး စင်တာတစ်ခုကလည်း ပြည်သူများအားလုံး၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို အထောက်အကူများစွာပြုနေပြီး ဖြစ်ပါကြောင်း။
ကဏ္ဍအစုံ လွှမ်းခြုံပါဝင်နေ
ယခုနှစ် နှီးနှောဖလှယ်ပွဲတွင် သုတေသနစာတမ်း ပေါင်း ၇၂ စောင်၊ သုတေသနပိုစတာပေါင်း ၁၁၂ စောင်၊ ဟောပြောဆွေးနွေးမှု ၃၂ ခုနှင့် အခြားအစီအစဉ်များ ပါဝင်သည်ကို တွေ့ရှိရကြောင်း၊ ယခုနှစ် ဖတ်ကြားတင်သွင်းဆွေးနွေးကြမည့် စာတမ်းများ၊ ပိုစတာများတွင် ဉာဏ်ရည်တု နည်းပညာ၊ ကူးစက်ရောဂါနှင့် မကူးစက်တတ်သောရောဂါများ၊ အာဟာရသုတေသနဆိုင်ရာများ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးခွဲစိတ်ကုသမှုဆိုင်ရာများ၊ ပြန်လည်သန်စွမ်းရေး ဆေးပညာဆိုင်ရာများ၊ အဆင့်မြင့် ကင်ဆာကုထုံးဆိုင်ရာများ၊ စစ်မြေပြင်ဆေးကာကွယ် ပေးခြင်းဆိုင်ရာ သုတေသနများစသည့်ကဏ္ဍအစုံ လွှမ်းခြုံပါဝင်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
ဆေးဝန်ထမ်းတပ်ဖွဲ့တွင်ရှိသည့် တပ်မတော်ဆေးသုတေသနတပ်၊ တပ်မတော်တက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၊ တပ်မတော်ဆေးရုံနှင့်ဆေးတပ်ရင်းများက သုတေသီများသည် တပ်မတော်သားများနှင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အထောက်အကူပြုနိုင်ရန်အတွက် ဆေးပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများကို နိုင်ငံတကာ အဆင့်မီဆောင်ရွက်လျက်ရှိသည်ကို ဂုဏ်ယူဖွယ်ရာအဖြစ် ပြောကြားလိုပါကြောင်း။
ဆေးဝန်ထမ်းတပ်ဖွဲ့သည် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါက်ဖွားလာခဲ့ခြင်းဖြစ်၍ ယခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် (၇၆) နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း၊
သမိုင်းကြောင်းကောင်းသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် တိုင်းပြည်တာဝန်များကို ကျရာကဏ္ဍများမှ ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ကြကြောင်း၊ တပ်မတော်က ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးကြီးများတွင်လည်း ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့် ရှေ့တန်းကျကျ ဆေးကာကွယ်ပေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့ကြကြောင်း၊ ပြင်ဦးလွင် မြို့တွင်ရှိသည့် အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)ရှိ တပ်ဖွဲ့ဝင်များသည်လည်း ကွမ်းလုံရက်(၄၀)တိုက်ပွဲ၊ ပါဂျိုနားဖော့တိုက်ပွဲ၊ လုပီ-လဂျားယန်း တိုက်ပွဲ၊ လောက်ကိုင်-မုန်းကိုးတိုက်ပွဲစသည့် တိုက်ပွဲကြီးများတွင် ရှေ့တန်းကျကျ သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်နိုင်ခဲ့ကြပြီး စစ်ဆင်ရေးကြီးများ ဆောင်ရွက်နေကြသည့် ရှေ့တန်းရောက်တပ်မတော် သားများအတွက် လိုအပ်သည့်ဆေးဘက်ဆိုင်ရာ ကုသမှုများကို စွမ်းစွမ်းတမံဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။
ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် စစ်မြေပြင်ဆေးကာကွယ်ပေးတာဝန်များအပြင် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း နိုင်ငံအနှံ့အပြားတွင်ရှိသည့် ဆေးရုံ၊ ဆေးတပ်ရင်းများတွင် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးနိုင်ရန်အတွက်လည်း တပ်မတော်ဆေးရုံ (ခုတင်-၂၅)အဆင့်မှ တပ်မတော်ဆေးရုံကြီး(ခုတင်- ၁၀၀၀)အဆင့်အထိ လိုအပ်သည့်နေရာများတွင် တိုးချဲ့ဖွဲ့စည်းပေးခဲ့ကြောင်း။
ခွဲစိတ်ကုသနိုင်သော ဆေးရုံ ၅ ရုံရှိ
ရောဂါကာကွယ်နှိမ်နင်းရေးအတွက် ကျန်းမာရေးနှင့်ရောဂါနှိမ်နင်းရေးတပ်ကို ဖွဲ့စည်းထားရှိသကဲ့သို့ အထူးကုဆေးရုံများအနေဖြင့် တပ်မတော်အရိုး ရောဂါအထူးကု ဆေးရုံကြီး၊ တပ်မတော်အသည်း ရောဂါအထူးကုဆေးရုံကြီးနှင့် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးရုံများကိုလည်း ဖွင့်လှစ်ထားရှိကြောင်း၊ ထို့အပြင်ရောဂါကုသမှုများနှင့်ပတ်သက်၍ ဆေးရုံများကိုလည်း အဆင့်မြှင့်တင်ခဲ့ရာ ယခုအချိန်တွင် ကျောက်ကပ်အစားထိုးကုသနိုင်သောဆေးရုံ ၄ ရုံ၊ အသည်းအစားထိုးကုသနိုင်သော ဆေးရုံတစ်ရုံ၊ နှလုံးသွေးကြောရောဂါရှာဖွေခြင်းနှင့် သွေးကြောချဲ့ကုသနိုင်သောဆေးရုံ ၄ ရုံ၊ နှလုံးခွဲစိတ်ကုသနိုင်သော ဆေးရုံ ၂ ရုံ၊ အစာအိမ်နှင့် အူလမ်းကြောင်းကို မှန်ပြောင်းဖြင့် ခွဲစိတ်ကုသနိုင်သော ဆေးရုံ ၅ ရုံရှိပြီး ဖြစ်ကြောင်း။
ထိုကဲ့သို့ ကြိုးစားဆောင်ရွက်နိုင်ခဲ့သည့်အတွက် တပ်မတော်အနေဖြင့် ကျောက်ကပ်အစားထိုး လဲလှယ်ခြင်း၊ နှလုံးခွဲစိတ်ကုသခြင်း၊ နှလုံးခုန်နှုန်းထိန်းညှိစက်ထည့်သွင်းခြင်း၊ နှလုံးသွေးကြော Stent ထည့်ကုသခြင်း၊ ဦးနှောက်နှင့် ရင်ခေါင်းခွဲစိတ်ကုသခြင်း စသည့်အဆင့်မြင့်ကုသမှုမျိုးစုံကို နိုင်ငံတကာနှင့်ရင်ပေါင်တန်းကာ ဆောင်ရွက်လာနိုင်ခဲ့ခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ လွန်ခဲ့သည့်တစ်နှစ်အတွင်းတွင် အသည်းအစားထိုးခွဲစိတ်ကုသမှု ၈ ကြိမ်ကို အောင်မြင်စွာ ခွဲစိတ်နိုင်သည်ကို တွေ့ရှိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းကို ထည့်သွင်းပြောကြားလိုကြောင်း။
ပြုစုစောင့်ရှောက်ပေးနိုင်ခဲ့
ယနေ့အချိန်တွင် နိုင်ငံတကာနှင့် နိုင်ငံအတွင်းမှာပင် ကိုဗစ်-၁၉ ရောဂါကြောင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ လျော့နည်းကျဆင်းလာမှုများ တွေ့ကြုံနေရသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းခွင်စွန့်ခွာမှုများ ပြုလုပ်လာခဲ့သည့်အတွက် နိုင်ငံတစ်ဝန်းရှိသည့် ကျန်းမာရေးဝန်ထမ်းအင်အားသည်များစွာ လျော့နည်းခဲ့ရကြောင်း၊ ထိုသို့လျော့နည်းခဲ့သည့်အတွက် လစ်ဟာသွားသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) အပါအဝင်တပ်မတော်ဆေးရုံ၊ ဆေးတပ်များမှတိုးမြှင့်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ပြင်ပလူနာ ၅၁၀၃၆၃ဦး၊ ဆေးရုံတက်လူနာ ၁၅၅၂၁၇ ဦး တို့ကို ပြုစုစောင့်ရှောက်ပေးနိုင်ခဲ့ပါကြောင်း။
တပ်မတော်အနေဖြင့် နိုင်ငံအနှံ့အပြားတွင်ရှိသည့် ဆေးရုံ၊ ဆေးတပ်များတွင် တာဝန်ထမ်းဆောင်ရန်လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ပေးနိုင်ရန်အတွက်လည်း ကြိုးစားဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ တပ်မတော်ဆေးဘက် ဆိုင်ရာသင်တန်းကျောင်းများကတစ်ဆင့် ဆရာဝန်၊ သူနာပြုများကိုစဉ်ဆက်မပြတ် မွေးထုတ်ပေးလျက် ရှိကြောင်း။
အဆင့်မြင့်ဆေးပညာများသင်ကြား
တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် ဆေးပညာဘွဲ့များအပြင် ပညာရပ်ပိုင်းဆိုင်ရာ အဆင့်မြင့်ဘွဲ့များဖြစ်သည့် ဆေးပညာဘွဲ့လွန် ဒီပလိုမာအမျိုးအစားပေါင်း ၁၆ခု၊ ဆေးပညာမဟာသိပ္ပံဘွဲ့ အမျိုးအစားပေါင်း ၂၇ခုနှင့် ပါရဂူဘွဲ့အမျိုးအစားပေါင်း ၃၄ ခု တို့ကို တိုးချဲ့ဖွင့်လှစ်ပေးနိုင်ပြီးဖြစ်ကြောင်း၊ ထိုသို့ တိုးမြှင့်ဖွင့်လှစ်ပေးခဲ့သည့်အတွက် ယခုအချိန်အထိ ဆေးပညာဘွဲ့ရရှိသူ ၄၈၄၅ ဦး၊ သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရရှိသူ ၈၉ ဦး၊ ဒီပလိုမာဘွဲ့ရရှိသူ ၅၉၀၊ ဆေးပညာမဟာသိပ္ပံဘွဲ့ရရှိသူ ၂၇၈၂ ဦး၊ သွားဘက်ဆိုင်ရာ မဟာသိပ္ပံဘွဲ့ရရှိသူ ၅၀နှင့် ပါရဂူဘွဲ့ရရှိသူ ၄၂၁ ဦးရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် နိုင်ငံတကာတက္ကသိုလ်များသို့ စေလွှတ်ပြီး အဆင့်မြင့်ဆေးပညာများကို လေ့လာသင်ကြားစေခဲ့ရာ နိုင်ငံတကာတက္ကသိုလ်များမှ ဆေးပညာမဟာသိပ္ပံ ဘွဲ့ရရှိ သူ ၄၀၊ ပါရဂူဘွဲ့ရရှိသူ ၂၄ ဦးနှင့် တော်ဝင်သမားတော်ဘွဲ့ရရှိသူ ၂၂၇ ဦးတို့ ရှိခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း။
တပ်မတော်ဆေးတက္ကသိုလ်နည်းတူ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်တွင်လည်း သူနာပြုနှင့်ဆေးဘက်ဆိုင်ရာဒီပလိုမာသင်တန်း ၇ မျိုး၊ သူနာပြုနှင့်ဆေးဘက်ဆိုင်ရာ ဘွဲ့လွန် သင်တန်း အမျိုးအစား ၆ ခုနှင့် ပါရဂူသင်တန်းအမျိုးအစား ၃ ခုတို့ကို တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ သူနာပြုနှင့် ကျွမ်းကျင်သူစုစုပေါင်း ၄၁၅၈ ဦး၊ ဘွဲ့လွန်ဒီပလိုမာ ရရှိသူ ၅၂၆ ဦး၊ မဟာဘွဲ့ရရှိသူ ၆၄၁ ဦးနှင့်ပါရဂူဘွဲ့ရရှိသူ ၃၀ ရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၎င်းအပြင် သူနာပြုနှင့်ကျွမ်းကျင်သူများကို နိုင်ငံတကာသို့စေလွှတ်ပြီး ပညာသင်စေခဲ့ရာ နိုင်ငံတကာတက္ကသိုလ်များမှ မဟာဘွဲ့ရရှိသူ ၅ ဦးနှင့် ပါရဂူဘွဲ့ရရှိသူ ၂ ဦး ရှိခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း။
တက္ကသိုလ်ကြီးများက သင်တန်းသားများ၊ ကျောင်းဆင်းအရာရှိများကို အမှတ်(၁)တပ်မတော် ဆေးရုံ(ခုတင်-၇၀၀)အပါအဝင် တပ်မတော်ဆေးရုံကြီးများတွင် လက်တွေ့ဆေးပညာဆက်လက်သင်ကြားပြီး ပြုစုပျိုးထောင်ပေးနေခြင်းကြောင့် ခေတ်မီတပ်မတော်(Standard Army) တည်ဆောက်ရေးအတွက် အရေးကြီးဆုံးဖြစ်သည့် ဆေးဘက်ပညာ ပိုင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သကဲ့သို့ မြန်မာပြည်သူပြည်သားတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးရာတွင်လည်း များစွာအထောက်အကူပြုလျက်ရှိသည်ဟုဆိုရမှာ ဖြစ်ကြောင်း။
ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူနိုင်
ကမ္ဘာပေါ်တွင် ကူးစက်နိုင်သောရောဂါများနှင့် မကူးစက်နိုင်သော ရောဂါများဖြစ်ပွားလျက်ရှိရာ မကူးစက်နိုင်သော ရောဂါများတွင် ကင်ဆာရောဂါသည် အဖြစ်အများဆုံး ရောဂါတစ်ခုပင်ဖြစ်ကြောင်း၊ ကင်ဆာရောဂါလူနာများ၏ ၆၀ ရာခိုင်နှုန်းခန့်သည် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူနိုင်ရန် လိုအပ်ပါကြောင်း။
ကင်ဆာလူနာများအတွက် ဓာတ်ရောင်ခြည်ကုသမှုလိုအပ်ချက်သည် တစ်စတစ်စများပြားလာသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူချိန်မှစပြီး Linear Accelerator (LA) ဟု ခေါ်သည့် ဓာတ်ရောင်ခြည်ဖြင့်ကင်ဆာရောဂါ ကုသစက်ကြီးများနှင့် ခေတ်မီကုသရေး အဆောက်အဦများကို တပ်မတော်ဆေးရုံကြီးများတွင် တိုးချဲ့ဆောက်လုပ်တပ်ဆင်ပေးခဲ့ရာမှ ယခင်က အမှတ်(၂)တပ်မတော်ဆေးရုံ(ခုတင်-၅၀၀) (ရန်ကုန်)နှင့် အမှတ်(၂)တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)(အောင်ပန်း)တို့၌သာ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်ကြီးများ ကုသရာမှ ယခုအခါတွင် အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) (ပြင်ဦးလွင်)မှာပင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်ကြီးများကို တပ်ဆင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါစက်သစ်ကြီးများ ရှိလာသည့်အတွက် မြန်မာပြည်အထက်ပိုင်းတွင်ရှိသည့် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ပြည်သူများအတွက် အားကိုးအားထားပြုရမည့် ကင်ဆာကုသပေးရာ ဌာနတစ်ခုဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း။
ပိုမိုထိရောက်စွာ ဆောင်ရွက်
ထို့အပြင် နေပြည်တော်တွင်ရှိသည့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) တွင်လည်း Cyberknife ဟုခေါ်သည့် အဆင့်မြင့်ဓာတ်ရောင်ခြည် ကုသစက်တစ်လုံး ရှိနေသည့်အတွက် ယနေ့အခါ တပ်မတော်ဆေးရုံကြီး ၄ ရုံတွင် ကင်ဆာရောဂါဝေဒနာရှင်များကိုခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ကင်ဆာဆေးများဖြင့် ကုသခြင်းအစရှိသည့် ပြီးပြည့်စုံသော ကင်ဆာကုသမှုများကို ပြုလုပ်ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ ကင်ဆာရောဂါကုသမှု လုပ်ငန်းများသည် သုတေသနလုပ်ငန်းများနှင့် ယှဉ်တွဲလုပ်ဆောင်ရခြင်း ဖြစ်သည့်အတွက် တပ်မတော်ဆေးရုံကြီး ၄ ရုံမှ ကင်ဆာသုတေသန အချက်အလက်များကို အမြဲလေ့လာသုံးသပ်နေရန်လိုကြောင်း၊ ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနက ပြုလုပ်ထားသည့် ကင်ဆာသုတေသန အချက်အလက်များနှင့် ပေါင်းစပ်လိုက်ပါက တစ်မျိုးသားလုံး၏ ကင်ဆာရောဂါနှင့် ပတ်သက်သည့် သုတေသနအချက်အလက်များ ပိုမိုပြည့်စုံစွာ သိရှိလာနိုင်မည်ဖြစ်ကြောင်း၊ ထို့မှတစ်ဆင့် မြန်မာနိုင်ငံသားများ၏ ကင်ဆာရောဂါနှင့်ပတ်သက်သည့် ရောဂါကြိုတင် ရှာဖွေရေး၊ ကုသရေး၊ ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်လာမည်ဖြစ်ကြောင်း။
နိုင်ငံတကာတွင်လည်း ကျန်းမာရေးနှင့်ပတ်သက်၍ သုတေသနရလဒ်များသည် နှစ်စဉ်တိုးတက်နေခြင်း တွေ့ရှိနေရသည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် ထိတွေ့၍ အတွေ့အကြုံဖလှယ်ပြီး မိမိနိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုတိုးတက်စေရေးကို ဆောင်ရွက်သွားကြရန်လိုကြောင်း။
ဆေးဝန်ထမ်းတပ်ဖွဲ့များသည် ပြည်သူလူထုအကျိုးပြု ဆေးကုသမှုလုပ်ငန်းများကို သာမန်အချိန်များတွင်သာမက သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အချိန်များတွင်လည်းရှေ့တန်းက တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတွင် အထူးဆေးကုသအဖွဲ့ ၅ ဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် စုစုပေါင်းလူနာ ၄၁၀၆၃ ဦးကို ပြုစုကုသပေးနိုင်ခဲ့ကြောင်း၊ အလားတူ ၂၀၁၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် ဂီရီဆိုင်ကလုန်း မုန်တိုင်းတွင်လည်း အထူးဆေးကုသအဖွဲ့ ၃ ဖွဲ့သည် ရခိုင်ပြည်နယ်တွင် စုစုပေါင်းလူနာ ၃၆၉၄ ဦးကို ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် ၂၀၁၁ ၊ ၂၀၁၅၊ ၂၀၁၆ ၊ ၂၀၁၈ နှင့် ၂၀၂၀ ပြည့်နှစ်များတွင် ဖြစ်ပွားခဲ့သည့် ရေဘေးအန္တရာယ်များတွင်လည်း အထူးကုဆေးအဖွဲ့ ၄၃ ဖွဲ့သည်ရေဘေးသင့်လူနာ စုစုပေါင်း ၅၇၆၀၉ ဦးကို ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်ခဲ့ကြောင်း။
အားကြိုးမာန်တက်ဆောင်ရွက်
ယခုနှစ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်ရှိ မြို့နယ်ရှစ်မြို့နယ်တွင်ဆေးဝန်ထမ်းတပ်ဖွဲ့မှ အထူးဆေးကုသအဖွဲ့နှစ်ဖွဲ့နှင့် ကူညီကယ်ဆယ်ရေးဆေးအဖွဲ့ ၁၀ ဖွဲ့စေလွှတ်ပြီး ဒေသခံပြည်သူလူထု စုစုပေါင်း ၂၈၃၄၉ ဦးအတွက် ဆေးကုသမှုနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် နယ်လှည့်ဆေးကုသရေးလုပ်ငန်းများကို ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လာခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်အနေဖြင့် ရွေ့လျားဆေးကုသယာဉ် ၆ စီး၊ အထူး စမ်းသပ်စစ်ဆေးသည့် ဓာတ်ခွဲခန်းယာဉ်တစ်စီး၊ ပင်လယ်သွားဆေးရုံရေယာဉ်တစ်စင်းနှင့် မြစ်တွင်းသွားဆေးရုံရေယာဉ် တစ်စင်းတို့ကို ဝယ်ယူဖြည့်တင်း ပေးထားခဲ့ကြောင်း။
ထို့အပြင် ဆေးဝန်ထမ်းတပ်ဖွဲ့သည် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလများတွင်လည်း ပြည်သူများအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)တွင် မန္တလေးတိုင်းဒေသကြီး အတွင်းတွင်ရှိသည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် လူနာများကို အစွမ်းကုန်ပြုစုကုသပေးခဲ့သည့်အပြင် ခေတ်မီရောဂါရှာဖွေရေး နည်းလမ်းတစ်ခုဖြစ်သည့် PCR နည်းဖြင့် ကိုဗစ်-၁၉ ရောဂါရှာဖွေခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်များတွင်လည်း ရှေ့တန်းကပါဝင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းကို ပြောကြားလိုပါကြောင်း။
ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် ပြည်သူအကျိုးပြုဆေးကုသမှုများ ဆောင်ရွက်ရာတွင် ဝေးလံခေါင်ဖျားဒေသများဖြစ်သည့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကိုလည်း သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြကြောင်း၊ ၂၀၁၆ ခုနှစ်မှစပြီး ပါရဂူများ၊ ဆေးမှူးအရာရှိများကို ၄ ကြိမ် တိုင်တိုင်စေလွှတ်ခဲ့ရာ ယခုစတုတ္ထအကြိမ်မြောက်တွင် ပါရဂူ/ဆေးမှူး ၁၈ ဦးသည် တိုင်းရင်းသားညီအစ်ကိုများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဦးလည်မသုန် ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမအကြိမ်စေလွှတ်ခဲ့ချိန်တွင် ဒေသခံပြည်သူလူထု ၂၀၂၃၃၂ ဦး၊ ဒုတိယအကြိမ်တွင် ၁၇၁၀၈၄ ဦးနှင့် တတိယအကြိမ်တွင် ၉၃၆၀၀ စုစုပေါင်း ၄၆၇၀၁၆ ဦးတို့ကို ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း၊ ၎င်းသည်မိမိတို့ တပ်မတော်၏ တိုင်းရင်းသားပြည်သူများ၏ အရေးနှင့်ပတ်သက်၍ အစဉ်အမြဲ ဦးထိပ်ထားဆောင်ရွက် ပေးနေခြင်းကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း။
အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် နှစ်ပေါင်း(၁၀၀)ကာလအတွင်း တပ်မတော်မှ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့်အတွက် တပ်မတော်ရွှေရတုတံဆိပ်ရရှိသူ ၃၁ ဦး၊ တပ်မတော်စိန်ရတုတံဆိပ်ရရှိသူ ၁၁၂ ဦးရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၎င်းအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင်လက်မှတ် ရရှိသူသုံးဦးနှင့် သူရဲကောင်းလက်မှတ်ရရှိသူ တစ်ဦးရှိခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း။
ဂုဏ်ပြုအသိအမှတ်ပြု
ထို့ကြောင့် နိုင်ငံတော်၏လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတစ်လျှောက်နှင့် နိုင်ငံတော်တည်ဆောက်ရေး ကာလတစ်လျှောက်တွင်လည်းကောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ကာကွယ်ကုသမှုများကို ဆောင်ရွက်ရာတွင်လည်းကောင်း၊ နှစ်ပေါင်း(၁၀၀)ကာလအတွင်းတွင် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသည့် အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု/ကျွမ်းကျင်သူများနှင့် စစ်သည်များအားလုံးကို ဂုဏ်ပြုအသိအမှတ်ပြုပါကြောင်း အလေးထားပြောကြားလိုပါကြောင်း။
အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)သည် နှစ်ပေါင်း(၁၀၀)သက်တမ်း ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုနှစ်ပေါင်း(၁၀၀)ကာလတစ်လျှောက်တွင် ဆေးရုံကြီးတွင်ရှိသည့် ပါရဂူ၊ ဆေးမှူး၊ သူနာပြုနှင့်ကျွမ်းကျင်သူ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် တိုင်းပြည်နှင့်လူမျိုးအကျိုး၊ တပ်မတော်အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြကြောင်း၊ ဆေးရုံတွင်ရှိသည့် နှစ်(၁၀၀)သက်တမ်းရှိသည့် သမိုင်းဝင်အဆောက်အဦများကို ဆက်လက်ထိန်းသိမ်းထားရှိသည့်နည်းတူ ဆေးပညာရပ်ဆိုင်ရာများကိုလည်း အမြဲတစေခေတ်မီတိုးတက်သော နည်းပညာများ အသုံးပြုနိုင်အောင် အားထုတ်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ထို့အတူပင်အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲမှ တင်ပြဆွေးနွေးကြမည့် ဆေးဘက်ဆိုင်ရာ သုတေသနတွေ့ရှိချက်များကို လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချနိုင်အောင် ကြိုးစားသွားရ မည်ဖြစ်ကြောင်း၊ ဆေးတပ်ဖွဲ့ဝင်များအနေဖြင့် ယခုလိုအစဉ်အလာကောင်းများကို လက်ဆင့်ကမ်းထိန်းသိမ်းရင်း ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ တပ်မတော်သားများနှင့် မိသားစုများ၏ ဆေးအကာအကွယ်ပေးရေးလုပ်ငန်းများတွင် ယခုထက်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် အမှတ်(၁)တပ်မတော် ဆေးရုံ(ခုတင်-၇၀၀)၏ နှစ်(၁၀၀)ပြည့်ကာလမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ဆက်လက်တည်တံ့ပါစေကြောင်းကို ဆုမွန်ကောင်းပို့သပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)၊ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ဆုရရှိသည့် အရာရှိ တစ်ဦးအားလည်းကောင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေးကနှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ဆုရရှိသည့်စစ်သည် တစ်ဦးအားလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)၊ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် မှတ်တမ်းရုပ်သံ Video ကိုပြသပြီး နိုင်ငံကျော်အနုပညာရှင်များနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ထံဆေးဝန်ထမ်း ညွှန်ကြားရေးမှူးက နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က တက်ရောက်လာကြသည့် အငြိမ်းစားဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ပိုစတာများ၊ ဆေးနှင့်ဆေးပစ္စည်း ပြခန်းများနှင့်နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်