Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပအိုဝ်း၊ ဓနု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့မိ၊ မြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

တောင်ကြီး အောက်တိုဘာ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပအိုဝ်း၊ ဓနု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဒေသ၏ပညာရေး၊ ကျန်းမာရေး လမ်းပန်းဆက်သွယ်ရေးစသည့် လိုအပ်ချက်များ၊ လူမှုရေး၊ စီးပွားရေးလိုအပ်ချက်များကို မိမိတို့အနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးရန်နှင့် လိုအပ်ပါက ပြည်ထောင်စုအဆင့်မှ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး ဒေသခံပြည်သူလူထုနှင့် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ ဒေသ၏လိုအပ်ချက်များအပေါ် ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်ဖြင့် ဆောင်ရွက်နိုင်သည့်အပိုင်းကို ပြည်နယ်ဝန်ကြီးချုပ်က ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုမှဆောင်ရွက်ပေးရမည့် ကဏ္ဍများကို ပြည်ထောင်စုအဆင့်သို့ ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း‌ ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော ပအိုဝ်း၊ ဓနု၊ အင်းစာပေယဉ်ကျေးမှုအဖွဲ့များနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်စက်လုပ်ငန်းရှင်များအသင်း၊ အာလူးလုပ်ငန်းရှင်များအသင်း၊ မဲနယ်တောင်ဒေသ ကော်ဖီစိုက်အစုအဖွဲ့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီလုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖများက ဒေသလိုအပ်ချက်များ တင်ပြဆွေးနွေးကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက်တင်ပြမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့က တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်