Skip to main content

ဝါးနက် အပန်းဖြေဆင်စခန်းသို့ လာရောက်သည့် အများပြည်သူတို့ ဗဟုသုတရရှိနိုင်ရန် ဆင်ပြတိုက် ဖွင့်လှစ်ထားရှိ

မန္တလေး အောက်တိုဘာ ၁

မန္တလေးမြို့နှင့်ပြင်ဦးလွင် မြို့နယ်အကြား ရဲရွာရေလှောင်တမံသွား ကားလမ်းဘေးတွင် ဖွင့်လှစ်ထားရှိသော ဝါးနက်အပန်းဖြေဆင်စခန်းတွင် လာရောက်အပန်းဖြေကြသည့် ပြည်သူများ ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာနိုင်ရန် ဆင်ပြတိုက်ကို ဖွင့်လှစ်ထားရှိကြောင်း ဝါးနက်ဆင်စခန်းတာဝန်ခံ ဒေါ်သဒ္ဒါရှင်းသန့်က ပြောသည်။

ပြတိုက်အတွင်း၌ ဆင်စခန်းဖွင့်ချိန်မှစတင်၍ ယနေ့ထိ ဆင်များနှင့်ပတ်သက်သော မှတ်တမ်းဓာတ်ပုံများ၊ ဆင်များ၊ ထိန်းသိမ်းစောင့်ရှောက်မှု မှတ်တမ်းများနှင့် ဆင်အရိုးစုတစ်ခုကို ပြသ ထားပြီး ဆင်အရိုးစုမှာ အသက် ၃၈ နှစ်အရွယ်ရှိ ဟန်အမျိုးအစားဆင်ဖြစ်၍ လွန်ခဲ့သော ၁၅ နှစ် ဝန်းကျင်က သေဆုံးခဲ့ကြောင်း သိရသည်။ 

 ဆင်စခန်းကို ရောက်လာသူတွေ ဆင်နဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတရအောင် ဆင်ပြတိုက်ထားရှိတာဖြစ်ပါတယ်။ ဆင်အမျိုးအစား များအနေနဲ့ ဆင်ထီးတွေမှာ ဟန်၊ တယ်၊ ဟိုင်းနဲ့ စွယ်စုံဆင်ဟူ၍ လေးမျိုးရှိတယ်။ အခုပြသထားတဲ့ ဆင်အရိုးစုရဲ့အမည်က ဇော်ဝင်းဦး၊ မှတ်ပုံတင် နံပါတ်က ၅၈၉၉ ဖြစ်ပါတယ်။ ဘယ်လိုသေဆုံးခဲ့တာလဲဆိုတော့ တောဆင် တွေမောင်းရင်း စွယ်စုံဆင်တစ်ကောင်နဲ့ တိုက်ခိုက်ရာက ထိခိုက်ဒဏ်ရာ ရပြီး သေဆုံးခဲ့တာပါ။ သေဆုံးပြီး ခြောက်လခန့်ကြာအောင် မြေမှာ မြှုပ်ထားပြီး အရိုးစုများကို ယူပါတယ်။ အဲဒီအရိုးစုကို ဓာတုဆေးဝါးနဲ့ ကြာရှည်ခံအောင် စီမံထားပါတယ်ဟု ၎င်းကပြောသည်။

ပြတိုက်အတွင်း၌ ဆင်စခန်းဖွင့်ချိန်မှစတင်၍ ယနေ့အထိ ဆင်များနှင့် ပတ်သက်သော မှတ်တမ်းဓာတ်ပုံများ၊ ဆင်များ ထိန်းသိမ်းစောင့်ရှောက်သည့် မှတ်တမ်းများ၊ ဆင်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်း အခေါ်အဝေါ်များ၊ နေထိုင်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများကို ဗီနိုင်းနှင့်ဓာတ်ပုံများချိတ်ဆွဲပြသထားပြီး ဆင်များ၏ ကိုယ်ရေးရာဇဝင်နှင့် ထိန်းသိမ်းစောင့်ရှောက်မှုမှတ်တမ်းစာအုပ် (ပုံစံ-ည) ကိုလည်း လာရောက်ကြည့်ရှု သူများအတွက် ဗဟုသုတဖြစ်ဖွယ် ပြသထားကြောင်း သိရသည်။

ဆင်စခန်းသို့ လာရောက်လည်ပတ်သူများအတွက် ဝင်ကြေးမှာ တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၊ ဆင်စီးသည့် ဝန်ဆောင်မှုတွင် ခရီးတိုဖြစ်ပါက ငွေကျပ် ၃၀၀၀ နှင့် ခရီးရှည်လျှင် ငွေကျပ် ၅၀၀၀ သတ်မှတ်ထားပြီး ရဟန်းသံဃာများနှင့် ရင်ခွင်ပိုက်ကလေးများမှာ ဝင်ကြေးအခမဲ့ဖြစ်ကြောင်း၊ နိုင်ငံခြားသားများအတွက် ဝင်ကြေးမှာ တစ်ဦးလျှင်ငွေကျပ် ၁၀၀၀၀ နှင့် ဆင်စီးဝန်ဆောင်မှုတွင် ခရီးတို/ခရီးရှည်အတွက် ငွေကျပ် ၁၀၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)