Skip to main content

အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော် ဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၇

အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော် ဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးတက္ကသိုလ် သက်မဲ့ခန္ဓာအသုံးပြုခွဲစိတ်လေ့ကျင့်ရေးခန်းမဆောင်၌ ဆက်လက်ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်ဆေးသုတေသနတပ် တပ်မှူး၊ တပ်မတော်ဆေး တက္ကသိုလ် အရိုးရောဂါပညာဌာန ပါမောက္ခ/ဌာနမှူး၊ တပ်မတော်မှ အရိုးအထူးကု ဆရာဝန်များ၊ အိန္ဒိယနိုင်ငံမှ လက်ပိုင်းဆိုင်ရာခွဲစိတ် အထူးကုဆရာဝန်ကြီးဒေါက်တာ မိုဟစ်ရှာမားနှင့် တပ်မတော်ဆေးတက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁) ၊ ဆေးတက္ကသိုလ် (၂)၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ် (မကွေး) တို့မှ အရိုးရောဂါပညာဆေးလက်တွေ့ ပါရဂူနှင့်ဘွဲ့လွန်သင်တန်းသားများ တက်ရောက်ကြသည်။

Pre-Conference Workshop တွင် ပြည်တွင်း/ပြည်ပမှ အတွေ့အကြုံရင့်ကျက်သည့် ပါမောက္ခပညာရှင်ကြီးများက တက်ရောက်လာကြသူများအားလုံးကို ပြုပြင်အစားထိုးခွဲစိတ်ကုသမှု နည်းစနစ်များ၊ အယူအဆအတွေးအခေါ်ပိုင်းကိုအခြေခံ၍ လက်တွေ့လုပ်ကိုင်နိုင်သည်အထိ သက်မဲ့ဆရာ (Silent Mentor) များကို အသုံးပြု၍ လက်တွေ့သရုပ်ပြသင်ကြားဆွေးနွေးခြင်း နှင့် Online မှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အရိုးဆရာဝန်များအား Webinar တွင် တိုက်ရိုက်ထုတ်လွှင့်၍ သင်ကြားမှုများ နှစ်ရက်ကြာပြုလုပ်ခဲ့သည်။ ဤအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းအားဖြင့် မြန်မာ့တပ်မတော်ဆေး ဝန်ထမ်းတပ်ဖွဲ့မှ အရိုးပါရဂူငယ်များ၊ ဘွဲ့လွန်ကျောင်းသားများနှင့် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များမှ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများအနေဖြင့် စစ်ဘက်နယ်ဘက်မှ ပါမောက္ခဆရာဝန်ကြီးများ၊ ပြည်ပမှပညာရှင်ကြီးများနှင့် တိုက်ရိုက်ထိတွေ့သင်ကြား ဆွေးနွေးနိုင်ခဲ့ပြီး သက်မဲ့ဆရာ (Silent Mentor) အသုံးပြုလက်တွေ့ လေ့ကျင့်နိုင်ခဲ့ခြင်းကြောင့် အရိုးရောဂါပညာ အစားထိုးခွဲစိတ်ကုသမှုနယ်ပယ်အ​နေဖြင့် နိုင်ငံတကာအဆင့်သို့ တက်လှမ်းလာသော ကဏ္ဍတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်