Skip to main content

ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသောကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာ ဗဟိုအဆင့်ဆရာဖြစ်သင်တန်းကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၇

ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာ ဗဟိုအဆင့်ဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနရုံး အမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းအနေဖြင့် ကူးစက်ရောဂါ ပိုး ၁၃ မျိုးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းအား ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါရောဂါများ ပြည်သူလူထုအတွင်းဖြစ်ပွားနေမှု ရှိ၊ မရှိ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်း အထူးဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသင်တန်းသည် ဗဟိုအဆင့် ဆရာဖြစ်သင်တန်းဖြစ်ပြီး အတွေ့အကြုံရှိသော ကျွမ်းကျင်သောသင်တန်းဆရာများမှ ဗဟို၊ တိုင်းဒေသကြီး/ ပြည်နယ်မှ ကူးစက်ရောဂါလုပ်ငန်းများ ဆောင်ရွက်နေကြသူများကို ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများနှင့် အခြားကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများနှင့်ပတ်သက်ပြီး သင်တန်းပို့ချပေး သွားမည်ဖြစ်ပြီး မိမိတို့ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်များတွင် ဆင့်ပွားသင်တန်းများ ဆက်လက်ပြုလုပ်မည်ဖြစ်သည့်အတွက် တက်ရောက်လာသူများအနေဖြင့် လုပ်ငန်းစဉ်များအား ဆင့်ပွားသင်တန်းများပေးနိုင်သည်အထိ နားလည်သဘောပေါက်စေရေး လေ့လာသင်ယူကြရန်နှင့် ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာ ဗဟိုအဆင့် ဆရာဖြစ်သင်တန်းအား ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နေကြသော ကျန်းမာရေး ဝန်ထမ်းများပါဝင်၍ စက်တင်ဘာ၂၇ ရက်မှ ၂၉ ရက် အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်