နေပြည်တော် စက်တင်ဘာ၂၇
ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
ယနေ့တွင်လည်း စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံနှင့် ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ နာရီစင်အနီးတို့၌ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ အသား/ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူများကိုလည်းကောင်း၊ တပ်မတော်စက်ရုံများနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့မှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ်နှင့် စည်သွပ်ဘူးများဖြစ်သည့် အမဲသားဘူး၊ မျှစ်စားတော်ပဲဘူး၊ ကြက်သားအာလူးဘူး၊ ငါးတန်အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငပိကြော်ဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်သီးသနပ်ဘူးစသည့် စားသောက်ကုန်များကိုလည်းကောင်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် အရောင်းဆိုင်များ၏ စားသောက်ကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကိုလည်းကောင်း၊ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေးရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက ဝမ်းသာအားရ ဝယ်ယူအားပေးကြကြောင်းနှင့် ယခုကဲ့သို့ စားရေးအခက်အခဲဖြစ်ပေါ်နေချိန်တွင် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမှုအပေါ် တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း သတင်းရရှိသည်။