Skip to main content

အကြိမ် (၃၀) မြောက် နိုင်ငံတကာအဆင့် မြန်မာ့တပ်မတော်ဆေးပညာနှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၆

အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော် ဆေးပညာနှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးတက္ကသိုလ် သက်မဲ့ခန္ဓာအသုံးပြု ခွဲစိတ်လေ့ကျင့်ရေးခန်းမဆောင်၌ ကျင်းပသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ်ခင်အောင်ထွန်း၊ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)တပ်မှူး ဗိုလ်မှူးချုပ် ကျော်ဇင်ညွန့်၊ တပ်မတော်ဆေးသုတေသနတပ် တပ်မှူး ဗိုလ်မှူးချုပ် ကြီးမြင့်၊ တပ်မတော်အရိုးရောဂါ အငြိမ်းစားပါမောက္ခ တပ်မှူးကြီးများ၊ ဖိတ်ကြားထားသော တပ်မှူးကြီးများ၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခ ဒေါက်တာ အောင်သိန်းဌေးနှင့် အရိုးရောဂါပညာ ဘွဲ့လွန်ကျောင်းသားခုနစ်ဦး၊ ဆေးတက္ကသိုလ် (၂) ပါမောက္ခ ဒေါက်တာမျိုးမင်းဦးနှင့် ဘွဲ့လွန်ကျောင်းသားခြောက်ဦး၊ ဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခ ဒေါက်တာစည်သူနှင့် ဘွဲ့လွန်ကျောင်းသားငါးဦး၊ ဆေးတက္ကသိုလ် (မကွေး) ပါမောက္ခ ဒေါက်တာအောင်နိုင်နှင့် ဘွဲ့လွန်ကျောင်းသားနှစ်ဦး၊ အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်စုစည်း ကျင်းပသူ တပ်မတော်ဆေးတက္ကသိုလ် အရိုးရောဂါပညာဌာနမှ ဌာနမှူး/ပါမောက္ခ ဒုတိယဗိုလ်မှူးကြီး ဟိန်းလတ်ဝင်းနှင့် ဘွဲ့လွန်ကျောင်းသား ၄၄ ဦး၊ ဆေးလက်တွေ့ပါရဂူကျောင်းသားများ၊ တပ်မတော်အရိုးရောဂါနယ်ပယ်မှ ပါရဂူကြီးများနှင့် မြန်မာနိုင်ငံတစ်ဝန်းမှ တပ်မတော်သား အရိုးအထူးကုဆရာဝန်များ၊ ပန်းလှိုင်အပြည်ပြည်ဆိုင်ရာဆေးရုံမှ အတိုင်ပင်ခံအရိုးအထူးကုဆရာဝန်ကြီးတစ်ဦး၊ အိန္ဒိယနိုင်ငံမှ ထင်ရှားကျော်ကြားသော လက်ပိုင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမိုဟစ်ရှာမားနှင့် အခြားဖိတ်ကြားထားသော တပ်မတော်မှပါရဂူကြီးများ စုစုပေါင်း ၁၅၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် စာပေရေးရာဆပ်ကော်မတီဥက္ကဋ္ဌ ပါမောက္ခချုပ် ဗိုလ်မှူးချုပ်ခင်အောင်ထွန်းက အမှာစကားပြောကြားသည်။

ထို့နောက် အရိုးရောဂါပညာဌာနမှ နာယကပါမောက္ခ ဗိုလ်မှူးချုပ်ထွန်းထွန်းက ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာကဏ္ဍများနှင့်စပ်လျဉ်း၍ ပါမောက္ခ/ ဌာနမှူး ဒုတိယဗိုလ်မှူးကြီး ဟိန်းလတ်ဝင်းက ယနေ့အလုပ်ရုံဆွေးနွေးပွဲသည် ဆေးပညာနှီးနှောဖလှယ်ပွဲ စာပေရေးရာဆပ်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် အဆင့်ဆင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အရိုးရောဂါပညာဌာန၏ နိုင်ငံတကာအဆင့် ဒုတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲဖြစ်၍ ယခုလိုကျင်းပနိုင်မှုသည် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ကြောင်း၊ နှစ်ရက်ကြာ ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲတွင် သက်မဲ့ဆရာ(SilentMentor) များအသုံးပြု၍ သင်ကြားနိုင်ရန် ပါမောက္ခချုပ်နှင့် စာပေရေးရာ ကော်မတီအဖွဲ့ဝင်များမှ အထူးကြိုးစား ဆောင်ရွက်ခဲ့ကြောင်း။

 Workshop တွင် အသုံးပြုမည့် Surgical Gloves, Blades, Sutures နှင့် Instruments များကိုလည်း ကြိုတင်စုဆောင်းပြီး Course Curriculum ကိုလည်း နိုင်ငံတကာအဆင့်နှင့်အညီ Update ဖြစ်စေရေးအတွက် ပါမောက္ခ/ဌာနမှူးများ၊ လက်ပိုင်းဆိုင်ရာခွဲစိတ်အထူးကု ဆရာဝန်များနှင့်ပေါင်းစပ်ညှိနှိုင်း၍ ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့ ၏ Combat Medical Care တွင် အဓိကလိုအပ်နေသော Flap Surgery in Combat Medical Care ကို အရိုးရောဂါဆရာဝန်များ ကျွမ်းကျင်စွာတတ်မြောက်ခြင်းဖြင့် တပ်မတော်သားတို့၏ စစ်မြေပြင်ဆေးအကာအကွယ်လုပ်ငန်းကို အထောက်အကူရရှိစေမည့်အပြင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၏ ဆေးပညာအဆင့်အတန်းသည်လည်း မြင့်မားလာစေရန်ရည်ရွယ်၍ နိုင်ငံတကာမှ ဆေးပညာရှင်များကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စာပေရေးရာဆပ်ကော်မတီဥက္ကဋ္ဌ ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်းက ပါမောက္ခ/ဌာနမှူးများကိုယ်စား ပါမောက္ခ/ဌာနမှူး ဦးအောင်သိန်းဌေးအား အမှတ်တရ ဂုဏ်ပြု လက်ဆောင်ပေးအပ်သည်။

အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော် ဆေးပညာနှီးနှောဖလှယ်ပွဲကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ ပြင်ဦးလွင်မြို့ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) တွင် ကျင်းပသွားမည်ဖြစ်ပြီး အကြိမ် (၃၀) မြောက် Pre-Conference တွင် ပြည်တွင်း/ပြည်ပမှ အတွေ့အကြုံ ရင့်ကျက်သည့် ပါမောက္ခပညာရှင်ကြီးများက တက်ရောက်လာကြသူများ အားလုံးကို ပြုပြင်အစားထိုး ခွဲစိတ်ကုသမှုနည်းစနစ်များနှင့် အယူအဆအတွေး အခေါ်ပိုင်းကိုအခြေခံ၍ လက်တွေ့လုပ်ကိုင်နိုင်သည်အထိ သက်မဲ့ဆရာ (Silent Mentor) များကို အသုံးပြု၍ လက်တွေ့သရုပ်ပြ သင်ကြားဆွေးနွေးခြင်းကို Online မှတစ်ဆင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ အရိုးဆရာဝန်များအား Webinar တွင် တိုက်ရိုက်ထုတ်လွှင့်၍ သင်ကြားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ခြင်းအားဖြင့် မြန်မာ့တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့မှ အရိုးပါရဂူငယ်များ၊ ဘွဲ့လွန်ကျောင်းသားများနှင့် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များမှ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စစ်ဘက်၊ နယ်ဘက်မှ ပါမောက္ခဆရာဝန်ကြီးများ၊ ပြည်ပမှပညာရှင်ကြီးများနှင့် တိုက်ရိုက်ထိတွေ့ဆွေးနွေး သင်ကြားနိုင်မည့်အပြင် သက်မဲ့ဆရာ (Silent Mentor) ကို အသုံးပြု၍ လက်တွေ့ လေ့ကျင့်နိုင်ခဲ့ခြင်းကြောင့် အရိုးရောဂါပညာ အစားထိုးခွဲစိတ်ကုသမှု နယ်ပယ်တွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းကုသ သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်