Skip to main content

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

နေပြည်တော် ဩဂုတ် ၂၁

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံ တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ကျေးဇူးတင် စကား ပြောကြားသည်။

ညီလာခံသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယ ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီး များနှင့် တာဝန်ရှိသူများ၊ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်အစုအဖွဲ့တို့မှ ကိုယ်စားလှယ် များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများမှ နာယက၊ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကိုယ်စား လှယ်များ၊ NCA-S EAO အစုအဖွဲ့မှ ညီလာခံကိုယ်စားလှယ်များ၊ ပါဝင်သင့်ပါဝင်ထိုက်သူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ညီလာခံ တတိယနေ့ အစည်းအဝေးတွင် ဦးဆောင်သဘာပတိအဖြစ် နိုင်ဟံသာက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးထွန်းထွန်းဦး၊ ခွန်မောင်သောင်းနှင့် ဒေါ်ရင်ရင်မေတို့က ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ဦးဆောင်သဘာပတိ နိုင်ဟံသာက အဖွင့်အမှာစကား ပြောကြား ရာတွင် ယခုကဲ့သို့ အဖွဲ့ပေါင်းစုံမှ ကိုယ်စားလှယ်များ တွေ့ဆုံကြရန် မလွယ်ကူပါကြောင်း၊ မိမိတို့နိုင်ငံ၊ လူမျိုး၊ ပြည်သူ၊ အဖွဲ့အစည်းအားလုံးအတွက် အနာဂတ်တွင် အကောင်းဆုံး အခြေအနေကို ဖန်တီးပေးနိုင်ရန်အတွက် လာရောက်တွေ့ဆုံ ညှိနှိုင်းကြခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံသားအချင်းချင်း လက်နက်ကိုင်ပဋိပက္ခကို လက်နက်အင်အားဖြင့် ဖြေရှင်းလာခဲ့သည်မှာ နှစ်ပေါင်း(၇၀)ကျော်ခဲ့ပါပြီဖြစ်ပါကြောင်း၊ မပြီးဆုံး မပြေလည်နိုင်သည့် အရင်းခံ အကြောင်းတရားများကို လေးလေးနက်နက် သုံးသပ်ပြီး အနာဂတ်တွင် အကောင်း ဆုံးအခြေအနေကို တည်ဆောက်သွားနိုင်ရန်အတွက် ညှိနှိုင်းအဖြေရှာရန်ဖြစ်ပါကြောင်း၊ ယင်းမှာ မိမိတို့၏ တာဝန်ဖြစ်ပါကြောင်း၊ မိမိတို့သည် နိုင်ငံ၏ အခြေအနေနှင့် မကိုက်ညီသည့်၊ အကျိုးမဖြစ်နိုင်သည့် အတွေးအခေါ် အယူအဆများကို ဖယ်ရှားပစ်ရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားသည့်နိုင်ငံတွင် လူမျိုးပေါင်းစုံစည်းလုံး ညီညွတ်စွာ အတူတကွ ရေရှည်လက်တွဲ နေထိုင်သွား နိုင်ရေးကို အဓိကထား နည်းလမ်းရှာရ မည်ဖြစ်ပါကြောင်း၊ မိမိတို့သည် သက်ဆိုင်ရာအဖွဲ့အစည်း၏ ကိုယ်စားလှယ် ခေါင်းဆောင်များ ဖြစ်ကြသည့်အတွက် တာဝန်သိသိ၊ သတ္တိရှိရှိဖြင့် ယခုကဲ့သို့ တွေ့ဆုံခွင့်ရသည့် နိုင်ငံရေး ဆွေးနွေးပွဲတွင် အဖြေကောင်း ထွက်ပေါ်လာအောင် ညှိနှိုင်းအဖြေရှာကြ ရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံကို နယ်ချဲ့သမားနှင့် ဖက်ဆစ်များ လက်အောက်မှ လွတ်မြောက်ရန် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းပြီး တိုက်ပွဲဝင်လာခဲ့ကြပါကြောင်း၊ စုပေါင်းပြီး ပြည်ထောင်စုတစ်ခု တည်ထောင်ရန် အမျိုးမျိုးသော ဂတိစကားများပေးကာ စုစည်းခဲ့ရပါ ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် အခက်အခဲမျိုးစုံကြားမှ စစ်မှန်သည့် ပြည်ထောင်စုကို တည်ဆောက်ရန် ဦးဆောင်ကြိုးပမ်းလမ်းညွှန်ခဲ့ပါကြောင်း၊ သို့သော် လွတ်လပ်ရေးရလာ သည့် အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း မရှိသည့်အတွက် ဗိုလ်ချုပ်ပေးခဲ့သည့် ကတိ ကဝတ်များ၊ လမ်းညွှန်ချက်များကို ပစ်ပယ်ထားပြီး အမည်ခံပြည်ထောင်စုကို ဖော်ဆောင်ခဲ့ ပါကြောင်း၊ ပင်လုံကတိကဝတ်များမှာလည်း မျက်ကွယ်ပြုခြင်း ခံခဲ့ရပါကြောင်း၊ မြန်မာမဟုတ်သည့် တိုင်းရင်းသားများက မျှော်လင့်ထားသည့် မူလအခွင့်အရေးများ မရသည့်အတွက် တင်ပြခဲ့ပါ ကြောင်း၊ မရသဖြင့် ဆန္ဒပြတောင်းဆိုခဲ့ကြပါကြောင်း၊ ယင်းအခြေအနေတွင် အာဏာပိုင် များက လက်နက်အင်အားသုံးပြီး အရေးယူလာသည့်အတွက် နောက်ဆုံး တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ မလွဲမရှောင်သာ လက်နက်ကိုင် တိုက်ပွဲဝင်လာခဲ့ရခြင်းဖြစ်ကြောင်း။

မိမိတို့ နှစ်ပေါင်း(၇၀)ကျော် တိုက်ပွဲဝင်ခဲ့ခြင်းသည် မှားယွင်းသည့် နိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်အတွက် ဖြစ်ပါကြောင်း၊ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုတည် ဆောက်ရေးသည် နိုင်ငံတော် တည်ဆောက်ရေးပင်ဖြစ်ပါကြောင်း၊ ယင်းမှာ အမျိုးသား တန်းတူရေးအတွက် မလွဲမရှောင်သာ တောင်းဆိုတိုက်ပွဲ ဝင်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခကို နှစ်ပေါင်းများစွာ အင်အားသုံးဖြေရှင်းခဲ့သော်လည်း ယနေ့အထိ လျော့ကျသွားခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ ပြေလည်နိုင်သည့် အလားအလာလည်း မရှိပါ ကြောင်း၊ ထို့ကြောင့် မှန်ကန်သည့် နည်းနာအသစ်ဖြင့် ဖြေရှင်းသွားရန် လိုအပ်ပါကြောင်း၊ မိမိတို့ နိုင်ငံသားအားလုံးသည် လူမျိုးမတူ၊ ကိုးကွယ်ယုံကြည်မှု ဘာသာသာသနာ မတူသော်လည်း လူသားအားလုံးပင်ဖြစ်ပါကြောင်း၊ တူညီသည့် လူသားအချင်းချင်း ချစ်ကြည်ညီညွတ်စွာ အတူတကွ နေထိုင်သွားနိုင်ရန်နှင့် မတူညီသည့်လူမျိုး၊ မတူညီသည့် ကိုးကွယ်မှုများအကြား တွင် တန်းတူညီမျှသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များ ရှိရန်လိုအပ်ပါကြောင်း၊ အုပ်စု တစ်ခုခုက အခြားအုပ်စုများအပေါ် လွှမ်းမိုးထားမည်၊ ခြယ်လှယ်နေမည်ဆိုပါက ညီညွတ်ရေး နှင့် ရေရှည်အတူတကွ နေထိုင်သွားရန် ဖြစ်နိုင်မည် မဟုတ်ပါကြောင်း၊ မိမိတို့နိုင်ငံကို စတင် တည်ထောင်ခဲ့သူများ ကတိပေးထားသည့်အတိုင်း အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင် တည်ဆောက်သွားရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် (NCA) တွင် ချမှတ်ထားသည့်အတိုင်း ဒီမိုကရေစီ ပြည်ထောင်စုကို မိမိတို့ ယုံကြည်မှုအပြည့်ဖြင့် အမြန်အကောင်အထည်ဖော် သွားကြရန်လိုပါကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီနှင့် စစ်မှန်သည့် ဖက်ဒရယ်စနစ်ကို ရှာဖွေ ဖော်ထုတ်နိုင်မှသာ ပြည်တွင်းငြိမ်းချမ်း ရေး ရရှိမည်ဖြစ်ပါကြောင်း။

လူသားတိုင်းတွင် မိမိတို့ လူမျိုးပျောက်ကွယ် မသွားရေးအတွက် မိမိတို့၏ ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းကြပါကြောင်း၊ ထိုသို့တန်ဖိုးထား ထိန်းသိမ်းနေခြင်းသည် မျိုးချစ်စိတ်ပင်ဖြစ်ပါကြောင်း၊ မိမိတို့ လူမျိုးအတွက် ဆိုပါက အသက်ပေးပြီး ထိန်းသိမ်းကာကွယ် တိုက်ပွဲဝင်ကြခြင်းသည် လူမျိုးတိုင်း၏ ခံယူချက်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား ညီညွတ်ရေးကို တည်ဆောက်ရာတွင် လူမျိုးတိုင်း၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များ ပျောက်ကွယ် မသွားရေးကို အလေးထားစီစဉ်ပေးရန်လိုပါကြောင်း၊ ယင်းအခွင့်အရေးများ အပြည့်အဝ ရှိမည်ဆိုလျှင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ခိုင်မာလာမည်ဖြစ်ပါကြောင်း၊ ယင်းမှာ မိမိတို့အားလုံး ကြိုးစားရှာဖွေဖော်ထုတ်နေသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တိုက်ရိုက် ပတ်သက် နေပါကြောင်း၊ တစ်နည်းအားဖြင့် မိမိတို့ တိုင်းရင်းသားများ၏ မွေးရာပါအခွင့် အရေးများ လည်းဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံဖြစ်သည့် အတွက် လူမျိုးတိုင်း ရေရှည်တည်တံ့ သွားနိုင်ရေးအတွက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့်ရှိသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို အမြန်တည်ဆောက် ကြစေလို ပါကြောင်း။

ယနေ့ချုပ်ဆိုခဲ့ကြသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ စတုတ္တ အစည်းအဝေးမှ ရရှိခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ၏ ဦးတည် ချက်သည် အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် အရေးကြီးသည့် အစပျိုးမှုတစ်ခုအဖြစ် မှတ်ယူပါကြောင်း၊ တစ်ချိန်တည်းတွင် ဆက်လက် ဆွေးနွေးရန် ကျန်ရှိနေခဲ့သည့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စနှင့် လွှတ်တော်ပိုင်း ဆိုင်ရာ ကဏ္ဍများကိုလည်း မိမိတို့အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆက်လက်အဖြေရှာနိုင် မည်ဟု မျှော်လင့်ပါကြောင်း။

မိမိတို့၏ အနာဂတ် သားသမီး မြေးမြစ်များအတွက် ကောင်းမွန်အေးချမ်းသည့် အမွေ အနှစ်များ ပေးကမ်းသွားနိုင်ရန် ဦးတည်ကြိုးပမ်းကြစေလိုပါကြောင်း၊ မိမိတို့ခေတ်တွင် ဖြစ်ပေါ်နေသည့် ပြဿနာများကို တာဝန်ယူဖြေရှင်းပြီး ငြိမ်းချမ်းဖွံ့ဖြိုး တိုးတက်သည့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားကြရန် ခေါင်းဆောင်ကိုယ်စားလှယ်များ အားလုံးကို တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)အဖြစ် ချုပ်ဆိုမည့် အဆိုပြုချက်များကို တင်သွင်းကြရာ အပိုင်း(၁) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် အဆိုပြုချက်များကို တပ်မတော်အစုအဖွဲ့မှ UPDJC အတွင်းရေးမှူးများအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)ကလည်းကောင်း၊ အပိုင်း(၂) ၂၀၂၀ ပြည့်နှစ် အလွန်အဆင့် လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှု (ဇယား ၁) အဆိုပြုချက် များကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့မှ UPDJC အတွင်းရေးမှူး များအဖွဲ့ဝင် စောမြရာဇာလင်း ကလည်းကောင်း၊ အပိုင်း(၃) ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ အဆိုပြု ချက်များကို နိုင်ငံရေးပါတီများအစုအဖွဲ့မှ UPDJC အတွင်းရေးမှူးများအဖွဲ့ဝင် စိုင်းကျော်ညွန့် က လည်းကောင်း ဖတ်ကြားတင်သွင်းကြသည်။

ယင်းနောက် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)အဖြစ် ချုပ်ဆိုမည့် အဆိုပြုချက်များကို အစိုးရအစုအဖွဲ့ကိုယ်စား မွန်ပြည်နယ်အစိုးရအဖွဲ့ ပအိုဝ်းတိုင်းရင်း သားရေးရာဝန်ကြီး နန်းစံဝင့်ခိုင်၊ လွှတ်တော်အစုအဖွဲ့ကိုယ်စား ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ဇင်မာအောင်၊ တပ်မတော်အစုအဖွဲ့ကိုယ်စား ဗိုလ်မှူးချုပ်ရဲရင့်ဝင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့ကိုယ်စား မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင် နိုင်အောင်မငေး၊ နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စား လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းတို့က ထောက်ခံကြောင်း အဆိုတင်သွင်းကြသည်။

ထို့နောက် ဦးဆောင်သဘာပတိ နိုင်ဟံသာက ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း(၃)အဖြစ် ချုပ်ဆိုမည့် အဆိုပြုချက်များကို တစ်ပေါင်းတစ်စည်းတည်း အတည်ပြု ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်း အဝေးမှ အတည်ပြုထားသော သဘောတူညီချက်များကို အစိုးရအစုအဖွဲ့မှ ဒေါက်တာ တင်မျိုးဝင်း၊ လွှတ်တော်အစုအဖွဲ့မှ ဒေါက်တာမေဝင်းမြင့်၊ တပ်မတော်အစုအဖွဲ့မှ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့မှ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းနှင့် နိုင်ငံရေးပါတီအစုအဖွဲ့မှ ဦးသုဝေတို့က ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)အဖြစ် လက်မှတ်ရေးထိုးချုပ်ဆိုကြ သည်။

ထို့နောက် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ၌ အစိုးရအစုအဖွဲ့ အသိသက်သေအဖြစ် တိုင်းရင်းသားကိုယ်စားလှယ် ဦးထုံဖူးဒဂုဏ်နှင့် ပါဝင်သင့်ပါဝင် ထိုက်သူများ ကိုယ်စားလှယ် ဦးကျော်ဝင်းတို့ကလည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ အသိသက်သေအဖြစ် တိုင်းရင်းသားကိုယ်စား လှယ် ကျာရှာမွေ နှင့် ပါဝင်သင့်ပါဝင် ထိုက်သူများ ကိုယ်စားလှယ် ဒေါ်ခင်မမမျိုးတို့က လည်းကောင်း၊ နိုင်ငံရေး ပါတီအစုအဖွဲ့ အသိသက်သေအဖြစ် တိုင်းရင်းသားကိုယ်စားလှယ် ဦးဇီခန်ရမ်နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ ကိုယ်စားလှယ် နန်းအေးအေးသွယ်တို့ကလည်း ကောင်း လက်မှတ်ရေးထိုး ကြသည်။

ယင်းနောက် အစိုးရအစု အဖွဲ့ကိုယ်စားလှယ် ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်း၊ NCA-S EAO အစုအဖွဲ့ ကိုယ်စားလှယ်ခေါင်းဆောင် ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်း နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စားလှယ် ခေါင်းဆောင် ဦးသုဝေတို့က ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း(၃)ကို ဦးဆောင်သဘာပတိ နိုင်ဟံသာထံ အပ်နှံကြသည်။

ထို့နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြား သည်။

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ကျေးဇူး တင်စကား အပြည့်အစုံကို သီးခြားဖော်ပြထားပါသည်။)

ယင်းနောက် ညီလာခံ သဘာပတိအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယနေ့သည် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆိုနိုင်ခဲ့ပြီး မိမိတို့နိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အလွန်ထူးခြားသည့် နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ ယင်းအစိတ်အပိုင်း(၃)တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မည်သို့ရှေ့ဆက် ဆောင်ရွက်သွား မည်ဆိုသည့် ရှေ့လုပ်ငန်းစဉ်များကို သဘောတူနိုင်ခဲ့ပါကြောင်း၊ NCA ကို မည်သို့အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဆိုသည့် အချက်များနှင့် ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို ပုံဖော်မည့် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများကို ၂၀၂ဝအလွန်တွင် ဆွေးနွေးညှိနှိုင်းဆောင်ရွက် နိုင်မည့် အခင်းအကျင်းတစ်ခုကို နှစ်ဖက်အကြားညှိနှိုင်း သဘောတူနိုင်ခဲ့ပါကြောင်း။

ထို့ပြင် အရေးပါသည့် ဖယ်ဒရယ်လမ်းညွှန်အခြေခံမူ (၅)ချက်ကိုလည်း သဘော တူနိုင်ခဲ့ပါကြောင်း၊ ယင်းသဘောတူညီချက်များ ရရှိအောင် နှစ်ဖက် ဆွေးနွေးဖက်များ အချင်းချင်းအကြား နားလည်မှုရအောင် စိတ်ရှည်သည်းခံ၍ အကြိမ်ကြိမ်ညှိနှိုင်းဆောင်ရွက် ခဲ့ရပြီး အဖွဲ့အစည်းအတွင်းနှင့် မိမိတာဝန်ခံသည့် အဖွဲ့အစည်းများတွင်ရှိသည့် အကဲဆတ် သော အကြောင်းအရာများ၊ အကျိုးစီးပွားများကိုလည်း သတိထား ညှိနှိုင်းခဲ့ရပါကြောင်း၊ ယင်းကိုကြည့်ခြင်းအားဖြင့် အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခြင်းသည် နှစ်ဖက်အကြားတွင် အစိုင်အခဲဖြင့် တည်ရှိနေသည့် စိုးရိမ်မှုများ၊ မယုံကြည်မှုများကို လျှော့ချဖြေရှင်းနိုင်သည်ဟု ကောက်ချက်ဆွဲ၍ရပါကြောင်း။

ထို့ကြောင့် မည်ကဲ့သို့သော အကြောင်းအရာနှင့်မျှ ဆွေးနွေးပွဲမှ ထွက်ခွာမသွားသင့် ဘူးဆိုသည်ကို အကြံပြုလိုပါကြောင်း၊ မိမိအနေဖြင့် အချက်(၃)ချက် တင်ပြလိုပါကြောင်း၊ ပထမအချက်အနေဖြင့် ဆက်လက် ညှိနှိုင်းဆွေးနွေးရမည် ကိစ္စရပ်များဖြစ်ပါ ကြောင်း၊ ဆက်လက်ညှိနှိုင်း ဆွေးနွေးရမည့် ကိစ္စရပ်များသည် မိမိတို့နိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် အလွန်အရေးပါပြီး စည်းလုံးညီညွတ်သည့် ပြည်ထောင်စု အဖြစ်ပုံဖော်နိုင်မည့် အခြေခံ အကြောင်းတရားများစွာ ပါဝင်နေပါကြောင်း၊ ထိုသို့ဆောင်ရွက်သည့် နေရာတွင် ကွဲပြားစေ မည့် မျိုးစေ့များမပါရှိအောင်နှင့် လက်ရှိအနေအထားကို ကျော်လွန်ပြီး အနာဂတ်ကို မျှော်မှန်း ကြည့်ရှုနိုင်သည့် ဆင်ခြင်တုံတရားနှင့် သတိထားဆောင်ရွက်ကြရန် တင်ပြလိုပါကြောင်း၊ အတိတ်က ကွဲပြားစေသည့် မျိုးစေ့များကြောင့် တိုင်းရင်းသားအချင်းချင်းအကြား တွင် မယုံကြည်မှုများ၊ လက်နက်ကိုင် ပဋိပက္ခများ၊ လက်နက်ကိုင် တောင်းဆိုမှုများ ယနေ့ ထက်တိုင် ဖြစ်ပွားနေခြင်းသည် ပကတိအမှန် တရားပင်ဖြစ်ပါကြောင်း။

ယင်းပဋိပက္ခများကြောင့် ဒေသခံပြည်သူလူထု၏ စားဝတ်နေရေး ခက်ခဲဒုက္ခရောက် ခဲ့ရပါကြောင်း၊ အနာဂတ်ကို ပုံဖော်မည့် တိုင်းရင်းသားလူငယ်များ၏ ပညာရေးမှာ များစွာ နောက်ကျခဲ့ရပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်မှုများနှင့် အလှမ်းဝေးကွာမှုများ ခံစားနေရ သည်ကို တွေ့ရပါကြောင်း၊ စည်းလုံးညီညွတ်သည့် ပြည်ထောင်စုဖြစ်ရန် အစိုးရအဆက် ဆက်သည် အခက်အခဲအမျိုးမျိုးကြားမှ ကြိုးစားပုံဖော်ခဲ့ကြပါကြောင်း၊ အပြည့်အစုံ ရုပ်လုံး မဖော်နိုင်သော်လည်း အချုပ်အခြာပိုင်ဆိုင်သည့် နိုင်ငံတစ်ခုအဖြစ် ယနေ့တိုင် ရပ်တည်နေ နိုင်စေခဲ့ပါကြောင်း၊ ယခုအခြေအနေ အဆင့်အတန်းမှ ကျဆင်းမသွားအောင် တိုင်းရင်းသား ပြည်သူအားလုံးက သတိရှိရှိနှင့် ထိန်းသိမ်း ရန်လိုအပ်ပြီး လက်ရှိတည်ရှိမှုကို ယိမ်းယိုင် သွားစေနိုင်သည့် ဟန်ချက်မညီသော ပြုပြင်ပြောင်းလဲမှုများ ကို သတိထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

ဒုတိယအချက်အနေဖြင့် မိမိတို့နိုင်ငံ ပထဝီအနေအထားတည်ရှိမှုနှင့် ဆက်စပ်စီး ဆင်းနေသည့် အကြောင်း အရာများဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် လူဦးရေများပြားသည့် နိုင်ငံကြီးများအကြားတွင် တည်ရှိနေပါကြောင်း၊ ထို့အတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများသည်လည်း ထိစပ်နေသည့် နယ်စပ်တစ်လျောက်တွင် အခြေပြုနေကြပါ ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နယ်မြေတည်တံ့မှု၊ အချုပ်အခြာ အာဏာ ခိုင်မြဲမှုသည် အတိုင်း အတာတစ်ခုအထိ ဆက်စပ်ပတ်သက်နေသည့်အတွက် မသိလိုက် မသိဘာသာနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးခြင်းမျိုး မဖြစ်ရအောင် သတိထားဆောင်ရွက်ရန်လိုအပ်ပါ ကြောင်း။

တတိယအချက်အနေဖြင့် မိမိတို့နိုင်ငံကို ဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်ကို အခြေခံ သော ပြည်ထောင်စုအဖြစ် နိုင်ငံရေးဆွေးနွေးပွဲများ၏ သဘောတူညီချက်များအပေါ် မူတည် ပြီး တည်ဆောက်သွားမည်ဟု NCA တွင် ပဋိညာဉ် ခံပြီးဖြစ်ပါကြောင်း၊ သို့သော်လည်း NCA နှင့်ဆက်နွယ်နေသည့် ဆွေးနွေးပွဲများတွင် မပါဝင်သည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ အစည်းများသည် ဒီမိုကရေစီနှင့်ဖယ်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက် မှုတွင် အတူတကွပါဝင်ဆောင်ရွက်ရန် မည်သည့်အရာများ လိုအပ်နေသည်၊ တွေ့ဆုံဆွေး နွေးခြင်းဖြင့်သာ ပဋိပက္ခများကို ဖြေရှင်းနိုင်မည်ဆိုသည့် အယူအဆအရ မှန်ကန်သည့် သာဓကများ ရှိနေပါလျက် မည်သည့်အတွက်ကြောင့် လက်နက်ကိုင်တောင်းဆိုနေသည် ဆို သည့် အခြေခံအကြောင်းတရားများကို ဖော်ထုတ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှု အသိုင်းအဝိုင်း အတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပူးပေါင်းပါဝင်လာ အောင် ကြိုးစားဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း။

နိဂုံးချုပ်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မည်သို့သော အကြောင်းတရားနှင့်မျှ ရပ်တန့်နှောင့်နှေးမှု မရှိအောင် ကြိုးစားဆောင်ရွက်ရန် အားလုံးတွင် တာဝန်ရှိသည်ဟု အလေးအနက်ခံယူပြီး အောင်မြင်ပြီးမြောက်အောင် ဝိုင်းဝန်း ညှိနှိုင်းဆောင်ရွက်ကြရန် မိမိတို့ အားလုံးတွင် တူညီသောစိတ်ဆန္ဒ ရှိပြီးဖြစ်ပါကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသည့် ကမ္ဘာ့ ကပ်ရောဂါ ဖြစ်ပွားနေသော ကာလအတွင်းတွင်လည်း တွေ့ဆုံဆွေးနွေးမှုများကို သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် လိုအပ်ပြီး ၂၀၂၀ ရွေးကောက် ပွဲကြောင့် ဆွေးနွေးမှုများရပ်တန့် မသွားအောင် အချိန်ဇယားသတ်မှတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးသည်။

#Myanmar State Counsellor Office