Skip to main content

တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေး အမှတ်စဉ် ၂/၂၀၂၃ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၁

တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေးအမှတ်စဉ် ၂/၂၀၂၃ ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တရားလွှတ်တော်ရှေ့နေများကောင်စီရုံး၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦး၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်၊ တရားလွှတ်တော် ရှေ့နေများကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

အစည်းအဝေးတွင် ရှေ့နေကျင့်ဝတ်ဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေများအပေါ် တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေပုဒ်မ ၁၀(၁)အရ ထိုက်သင့်သည့် အရေးယူမှုပြုလုပ်ရန် သင့်၊ မသင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သဘောထားတောင်းခံသည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့်ကိစ္စ၊ ၁၉၅၄ ခုနှစ်၊ တရားလွှတ်တော်ရှေ့နေများအဖြစ် ဝင်ခွင့်နည်းဥပဒေများအား ပြင်ဆင်ဖြည့်စွက်ရန်ကိစ္စ၊ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ(Insolvency Practitioner)များအဖြစ် တာဝန်ပေးအပ်ရန် တရားလွှတ်တော်ရှေ့နေအဖြစ် အမှုလိုက်ပါဆောင်ရွက်သည့် လုပ်သက်သတ်မှတ်နိုင်ရေးကိစ္စ၊ မူပိုင်ခွင့်ဆိုင်ရာ ပညာရှင်နေရာကို စိတ်ပါဝင်စားသည့် တရားလွှတ်တော်ရှေ့နေများ လျှောက်ထားနိုင်ကြောင်း အသိပေးနှိုးဆော်မည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေများ သိရှိလိုက်နာရန် တရားလွှတ်တော်ရှေ့နေများကောင်စီက ထုတ်ပြန်သည့်ကြေညာချက်များ၊ အမိန့်ကြော်ငြာစာများကို ဥပဒေရေးရာဝန်ကြီးဌာန Website www.mola.gov.mm (ဘားကောင်စီ) ကဏ္ဍတွင် ထည့်သွင်းဖော်ပြရန်ကိစ္စနှင့် တရားလွှတ်တော်ရှေ့နေများကောင်စီရုံး အဆောက်အဦနှင့် မြေနေရာလျှောက်ထားသည့်ကိစ္စများကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည်။  

သတင်းစဉ်