Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန် အဆက်အသွယ်ထူထောင်မှု နှစ်(၃၀)ပြည့်အထိမ်းအမှတ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန်အလှန်ပေးပို့

နေပြည်တော် စက်တင်ဘာ ၂၁

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်တွင် ကျရောက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံတို့အကြားနှစ်နိုင်ငံ သံတမန်အဆက်အသွယ်ထူထောင်မှုနှစ်(၃၀)ပြည့်မြောက်သော အထိမ်းအမှတ်အခါသမယ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန်ဟာဂျီဟာဆာနာလ် ဘိုလ်ကီးယားတို့အကြား၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး(၂) ဒါတိုဆရီဆတီယာဟာဂျီအယ်ရီဝမ်ဘင်ပီဟင်ဒါတူပီကာမာဂျာရာဟာဂျီမိုဟာမက်ယူဆွတ်တို့အကြား ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထူထောင်မှု နှစ်(၃၀)ပြည့် အထိမ်းအမှတ်အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနာလ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာထံသို့ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်တွင်ကျရောက်သော မြန်မာနိုင်ငံနှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထူထောင်မှု နှစ်(၃၀) ပြည့်မြောက်သည့် အထိမ်းအမှတ် အခါသမယတွင် အဆွေတော်နှင့်ဘရူနိုင်းနိုင်ငံပြည်သူများထံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူများကိုယ်စား မိမိမှဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ဆုမွန်ကောင်းများ ပို့သအပ်ပါကြောင်း ပြောကြားလိုပါသည်။

မြန်မာနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့သည် အာဆီယံမိသားစုဝင်များဖြစ်သည့်အားလျော်စွာ ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောမှုမြှင့်တင်ရေးကို ဝိုင်းဝန်းဆောင်ရွက်လျက် နှစ်နိုင်ငံအကြားနှင့် နိုင်ငံတကာမျက်နှာစာတွင် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ထားရှိနိုင်ခဲ့ကြသည်ကို တွေ့မြင်ရသည့်အတွက် များစွာဝမ်းမြောက်မိပါသည်။ မိမိတို့နှစ်နိုင်ငံအကြားရှိ ရင်းနှီးသောဆက်ဆံရေးနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံဆက်ဆံရေးတွင် ကဏ္ဍသစ်ဖွင့်လှစ်နိုင်ခဲ့သည့်နည်းတူ မိမိတို့၏ ဝိုင်းဝန်းကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများအား နှစ်နိုင်ငံနှင့်ပြည်သူများ၏ ကဏ္ဍစုံအကျိုးစီးပွားအပြန်အလှန်ဖြစ်ထွန်းရေးအတွက် ပိုမိုမြှင့်တင်ဆောင်ရွက်သွား နိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။

အခါအခွင့်ကြုံခိုက် အဆွေတော်ဘုရင်မင်းမြတ် ကျန်းမာရွှင်လန်းပါစေရန်နှင့် ဘရူနိုင်းနိုင်ငံနှင့်ပြည်သူများ အဓွန့်ရှည်သာယာဝပြောပါစေကြောင်း နွေးထွေးသောဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံတို့အကြား နှစ်နိုင်ငံ သံတမန်အဆက်အသွယ်ထူထောင်မှု နှစ်(၃၀)ပြည့်အထိမ်းအမှတ် အခါသမယတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီဟာဆာနာလ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာထံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

မိမိတို့နှစ်နိုင်ငံအကြား သံတမန်အဆက်အသွယ်ထူထောင်မှု နှစ်(၃၀)ပြည့်မြောက်သည့် အထိမ်းအမှတ်အခါသမယတွင် အဆွေတော်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူများထံသို့ နွေးထွေးစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်သုံးစုကျော်ကာလအတွင်း ဘရူနိုင်းဒါရူဆလမ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ပညာရေးကဏ္ဍနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများတွင် နွေးထွေးပြီးကာလရှည်ကြာသည့်ဆက်ဆံရေးကို ရရှိခံစားခဲ့ကြပါသည်။ နှစ်နိုင်ငံနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် မျှော်လင့်ပါသည်။

အဆွေတော်အား ချစ်ကြည်အလေးထားလျက်ရှိကြောင်းဖော်ပြလျက် အဆွေတော် ကျန်းမာရွှင်လန်းပါစေကြောင်းနှင့် မြန်မာပြည်သူပြည်သားများ တိုးတက်သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထူထောင်မှု နှစ် (၃၀) ပြည့်အထိမ်းအမှတ် အခါသမယတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံမှ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး(၂) ဒါတို ဆရီဆတီယာ ဟာဂျီ အယ်ရီဝမ် ဘင် ပီဟင် ဒါတူ ပီကာမာဂျာရာ ဟာဂျီမိုဟာမက်ယူဆွတ် ထံသို့ ပေးပို့သည့်ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်တွင်ကျရောက်သော မြန်မာနိုင်ငံနှင့်ဘရူနိုင်းဒါရူဆလမ်နိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထူထောင်မှု နှစ်(၃၀) ပြည့်မြောက်သည့် အထိမ်းအမှတ်တွင် အဆွေတော်အား နွေးထွေးစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါသည်။

မြန်မာနိုင်ငံအနေဖြင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံနှင့် ၁၉၉၃ ခုနှစ် သံတမန်အဆက်အသွယ် စတင်ထူထောင်ချိန်မှစ၍ထားရှိခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများအား အစဉ်အမြဲ အလေးထားလျက်ရှိပါသည်။ နှစ်နိုင်ငံ သံတမန်အဆက်အသွယ်ထူထောင်သည့် နှစ်(၃၀) ပြည့်မြောက်ခြင်းသည် မိမိတို့နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးနှင့် နှစ်နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားဆောင်ရွက်ရန် နှစ်နိုင်ငံအကြားသာမက အာဆီယံအပါအဝင် နိုင်ငံတကာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့အတွက် အခွင့်အရေးကောင်းတစ်ရပ်ဖြစ်စေသည်ဟု မိမိအနေဖြင့် အမှန်တကယ်ယုံကြည်ပါသည်။

အဆွေတော်အောင်မြင်မှုများ ဆက်လက်ရရှိပါစေကြောင်းနှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ပြည်သူများအဓွန့်ရှည်သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းများပို့သအပ်ပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန် အဆက်အသွယ်ထူထောင်မှု နှစ်(၃၀)ပြည့် အထိမ်းအမှတ် အခါသမယတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး(၂) ဒါတို ဆရီ ဆတီယာ ဟာဂျီ အယ်ရီဝမ်ဘင် ပီဟင် ဒါတူ ပီကာမာ ဂျာရာ ဟာဂျီ မိုဟာမက် ယူဆွတ်ထံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထံသို့ ပေးပို့သည့်ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

မိမိတို့ နှစ်နိုင်ငံအကြား သံတမန်အဆက်အသွယ်ထူထောင်မှု နှစ်(၃၀) ပြည့်မြောက်သည့်အထိမ်း အမှတ်တွင် အဆွေတော်နှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူများထံသို့ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါသည်။

ဘရူနိုင်းဒါရူဆလမ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အကျိုးတူကဏ္ဍများ၌ နွေးထွေးရှည်ကြာသည့် ဆက်ဆံရေးများရှိကြပါသည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်းအဓွန့်ရှည်သည့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို ဦးတည်သော အာဆီယံမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်သွားနိုင်ရန် မျှော်လင့်ပါသည်။

အဆွေတော်အား ချစ်ကြည်အလေးထားလျက်ရှိကြောင်းဖော်ပြလျက် အဆွေတော်ကျန်းမာ ရွှင်လန်း ပါစေကြောင်းနှင့် အောင်မြင်မှုများရရှိပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။