Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၂၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်သည်။

ကြည့်ရှုစစ်ဆေး

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ခင်သာ-အိုင်တိုကျေးရွာချင်းဆက်လမ်းနှင့် ခင်သာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် သီးပင်ကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ ရန်ပုံငွေကျပ် သိန်း ၁၅၀၊ ကျေးရွာထည့်ဝင်ငွေကျပ် ၄၆ သိန်းကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ အိမ်သွယ်ရေတိုင်စနစ် ရေပေးရေးစနစ်နှင့် ရေသန့်စင်စက် တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်မြို့နယ် ငှက္ကတောင်ကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော ကျောက်ဆည်မြို့မှ ငှက္ကတောင်ကျေးရွာအဝင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

တွေ့ဆုံ

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်မြို့နယ် ငါးလုံကုန်းကျေးရွာသို့ သွားရောက်ကာ ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ သမဝါယမအသင်း ၁၀ သင်းက အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် သမဝါယမဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးနှင့် အသင်းအမှုဆောင်များက အသင်းသား တောင်သူ ၂၂၀ ၏ စိုက်ပျိုးဧက ၁၀၀၀ ပေါ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်မှာ တောင်သူများ၏ တာဝန်ပင် ဖြစ်ပါကြောင်း၊ စိုက်နည်းစနစ်၊ စိုက်ပျိုးရေရရှိရေး တို့အတွက် မိမိတို့ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့က ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများနှင့် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်လျှင် သတ်မှတ်ကာလအတွင်း အပြေအကြေပေးသွင်းကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ကျေးရွာ ၁၀ ရွာမှ အသင်းသား တောင်သူများ၏ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး သမဝါယမအသင်းသား တောင်သူများ စိုက်ပျိုးထားသော မိုးစပါးများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုစစ်ဆေး သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ် ရေးသမဝါယမအသင်းလီမိတက်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော မန္တလေးနို့ချက် စက်ရုံသို့ရောက်ရှိပြီး နို့ချက်စက်ရုံ စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး၊ လိုအပ်သည့် ကုန်ကြမ်းများရရှိရေး ပူးပေါင်းဆောင်ရွက်သွားရန်၊ နို့ဆီအရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် ဈေးကွက်ရရှိရေး ကြိုးစားဆောင်ရွက်သွားရန် မှာကြားကာ စက်ရုံအတွင်း နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်၊ နို့ဒိန်ချဉ်၊ နွားနို့ ထုတ်လုပ်နေမှု အဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဖြည့်ဆည်းဆောင်ရွက်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း(မန္တလေး)သို့ ရောက်ရှိကြည့်ရှု စစ်ဆေးကာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားပြီး ကျောင်းသား ကျောင်းသူများ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံးသို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်