Skip to main content

ကုန်သေတ္တာ၊ အလုံပိတ်ယာဉ်များဖြင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် စောင့်ကြည့်စစ်ဆေးသည့် E-Lock စနစ် လုပ်ငန်းစတင်

ရန်ကုန် စက်တင်ဘာ ၁၉

ကုန်သေတ္တာ၊ အလုံပိတ်ယာဉ်များဖြင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် စောင့်ကြည့်စစ်ဆေးသည့်စနစ် Logistic Surveillance (E-Lock) လုပ်ငန်း စတင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်၌ ကျင်းပသည်။

အခမ်းအနားတွင် သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်း၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေတို့က အမှာစကားပြောကြားသည်။

ထို့နောက် တာမိုးညဲအုပ်စု ရင်းနှီးမြှုပ်နှံမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာက ကုန်သေတ္တာ၊ အလုံပိတ်ယာဉ်များဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် စောင့်ကြည့်စစ်ဆေးသည့်စနစ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် သီလဝါအထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာမိုးညဲအုပ်စုရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌတို့သည် ကုန်သေတ္တာ၊ အလုံပိတ်ယာဉ်များဖြင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် စောင့်ကြည့်စစ်ဆေးသည့်စနစ် လုပ်ငန်းစတင်ခြင်းအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့သည် ကုန်သေတ္တာအတွင်း ကုန်ပစ္စည်းများထည့်သွင်းခြင်းနှင့် E-Lock ခပ်နှိပ်ပြီး မော်တော်ယာဉ်များ ထွက်ခွာခြင်းတို့ကို ကြည့်ရှုစစ်ဆေးကြသည်။

နိုင်ငံတော်အနေဖြင့် E-Lock စနစ်ကို ဆောင်ရွက်အသုံးပြုခြင်းဖြင့် သယ်ယူပို့ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်ခြင်း၊ ခရီးစဉ်လမ်းကြောင်းကို အချိန်မရွေးပြန်လည်ကြည့်ရှုနိုင်ခြင်း၊ ခရီးစဉ်အရေအတွက် သိရှိနိုင်ခြင်း၊ ကုန်သွယ်မှုလမ်းကြောင်း ကြာမြင့်ချိန်သိရှိနိုင်ခြင်း၊ Trade Data စနစ်ဖြင့် လုံခြုံစွာသိမ်းဆည်းနိုင်ခြင်း၊ E-lock ခပ်နှိပ်ထားခြင်းဖြင့် တရားဝင်ကုန်သွယ်မှုဖြစ်ကြောင်း လွယ်ကူစွာသိရှိနိုင်သဖြင့် တရားမဝင်ကုန်သွယ်မှုကို တားဆီးထိန်းချုပ်နိုင်ခြင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့်အခွန်အခများ အပြည့်အဝရရှိစေခြင်းစသည့် အကျိုးကျေးဇူးများရရှိမည့်အပြင် ပုဂ္ဂလိကကဏ္ဍအနေဖြင့် ကုန်စည်သယ်ယူပို့ဆောင်မှုပိုမိုမြန်ဆန်ခြင်း၊ လမ်းကြောင်းတစ်လျှောက် ဖွင့်ဖောက်စစ်ဆေးမှုမရှိခြင်းကြောင့် အချိန်ကုန်သက်သာခြင်း၊ ကုန်တင်ယာဉ်တည်နေရာကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခြင်း၊ ကုန်တင်ယာဉ်ရောက်ရှိမည့်အချိန်ကို သိရှိနိုင်ခြင်း၊ ခရီးစဉ်အတွင်း ကုန်ပစ္စည်းများပျောက်ဆုံးမှု မရှိနိုင်ခြင်း၊ ကုန်ပစ္စည်းအလေအလွင့်နည်းပါးခြင်းနှင့် ကုန်ကျစရိတ်များသက်သာခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သည်။

E-Lock စနစ်ကို Phase 1 အနေဖြင့် ရန်ကုန်သီလဝါ (SEZ)မှ မြဝတီမြို့သို့ အသွား၊ အပြန် ကုန်စည်ပို့ဆောင်မှုကို စတင်ဆောင်ရွက်မည်ဖြစ်ပြီး Phase 1 အောင်မြင်ပါက Phase 2 အနေ ဖြင့် ရန်ကုန်-မြဝတီ အသွား၊ အပြန်၊ ရန်ကုန်-မန္တလေး အသွား၊ အပြန်၊ မန္တလေး-မူဆယ် အသွား၊ အပြန်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း E-Lock စနစ် အောင်မြင်စွာဆောင်ရွက်နိုင်ပါက မကြာမီအကောင်အထည် ဖော်ဆောင်ရွက်မည့် (ASEAN CUSTOMS TRANSIT) အာဆီယံ အဖွဲ့ဝင်နိုင်ငံများအတွင်း နိုင်ငံဖြတ်ကျော်၍ ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှု လုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်