Skip to main content

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာအိချိရော့မာရုယာမနှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြားကပဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရ၊ ပြည်သူ ကြိုးစားဆောင်ရွက်နေတာကို အင်မတန်လေးစား ပါတယ်။ ချီးကျူးပါတယ်။ ဂျပန်နိုင်ငံအတွက် မြန်မာနိုင်ငံဟာ တန်ဖိုးရှိ အလေးထားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်

မေး ။ ။ မြန်မာနိုင်ငံက ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းတဲ့ နေရာမှာ ငြိမ်းချမ်းရေး၊ ရခိုင်ကိစ္စအပါအဝင် အခက်အခဲ တွေက တော့ တည်ရှိနေဆဲပါ။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုအပေါ် ဂျပန်နိုင်ငံက ဘယ်လိုမျိုးရပ်တည်‌သွား မလဲဆိုတာ သိပါရစေ။

ဖြေ ။ ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးဟာ ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မှာ တရားမျှတတဲ့၊ လွတ်လပ်တဲ့ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပါတယ်။ အဲဒါက မြန်မာနိုင်ငံအတွက် ချီးကျူးဖို့ကောင်းတဲ့ အချက် တစ်ခု ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံက တာဝန်ရှိပုဂ္ဂိုလ် တွေ၊ ပြည်သူလူထုအားလုံးက ဒီမိုကရေစီ နိုင်ငံဖြစ်အောင် ကြိုးပမ်းနေတာ အင်မတန် ချီးကျူးဖို့ကောင်းပါတယ်။ ကျွန်တော်တို့ ဂျပန်အစိုးရအနေနဲ့၊ ဂျပန်သံရုံးအနေနဲ့ လာမယ့်ရွေးကောက်ပွဲ ဟာလည်း လွတ်လပ်တဲ့၊ တရားမျှတတဲ့ မြန်မာ့ရွေးကောက်ပွဲ အဖြစ် ကျင်းပနိုင်မယ်လို့ ယုံကြည်ပါတယ်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးကို အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းအားနဲ့ အစွမ်းကုန်ကူညီသွားမယ် ဆိုတဲ့ ရပ်တည်ချက်ကို လုံးဝပြောင်းလဲသွားဖို့ မရှိပါဘူး။ ဒီလိုခိုင်မာတဲ့ ရပ်တည်ချက်ကို တိုက်ရိုက် ထပ်မံပြောကြားဖို့အတွက် ဂျပန် နိုင်ငံခြားရေးဝန်ကြီး Mr. MOTEGI က ဩဂုတ် ၂၄ ရက်ကနေ ၂၅ ရက်နေ့အထိ မြန်မာနိုင်ငံကို အလည်အပတ်လာရောက်မှာ ဖြစ်ပါ တယ်။ ကိုဗစ် - ၁၉ ကူးစက်ရောဂါနဲ့ အခက်အခဲများ ကြုံတွေ့နေရချိန် အလုပ် တာဝန်တွေ မအားလပ်တဲ့ အခြေအနေမျိုးမှာ ပထမဆုံးအနေနဲ့ ဂျပန်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်ကို နွေးထွေးစွာ ကြိုဆိုပေး မယ့် မြန်မာနိုင်ငံသားတွေ၊ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်က တာဝန်ရှိပုဂ္ဂိုလ်တွေ အားလုံးကို အင်မတန်ကျေးဇူးတင်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံဟာ စိန်ခေါ်မှုတွေနဲ့ တော့ ရင်ဆိုင်နေရဆဲပါ။ အထူးသဖြင့် ငြိမ်းချမ်းရေးကိစ္စပါ။ အင်မတန်မှလည်း ရှုပ်ထွေးတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဂျပန်အစိုးရအနေနဲ့ မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဂျပန် အစိုးရ အထူးကိုယ်စားလှယ်ဆိုပြီး မစ္စတာ ဆာဆာကာဝါကို ခန့်အပ်ထားပါတယ်။ သူကိုယ်တိုင် မြန်မာနိုင်ငံကိုလာပြီး တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးတယ်။

ကျွန်တော်တို့ ဂျပန်အစိုးရအနေနဲ့ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်း ရေး ရအောင်၊ အပစ်အခတ်ရပ်စဲရေး ရအောင် ဆက်ပြီး ကြိုးစားသွားမှာပါ။ နောက်တစ်ခု ရခိုင်ပြည်နယ်ကိစ္စဟာလည်း အင်မတန် ရှုပ်ထွေးတဲ့ ကိစ္စပါ။ ကျွန်တော်တို့ ဂျပန်အစိုးရရဲ့ ရပ်တည်ချက်ကတော့ မြန်မာ အစိုးရ၊ မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည် ပြီး ပူးပေါင်းဆောင်ရွက်သွားပါ့မယ်။ လိုအပ်တဲ့ အကူအညီရှိရင် အကူအညီပေးမယ်။ ဒါက ဂျပန်အစိုးရရဲ့ ရပ်တည်ချက် ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့က မြန်မာ အစိုးရ ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေ၊ အထူး သဖြင့် ငြိမ်းချမ်းရေးကိစ္စ၊ ရခိုင်ပြည်နယ် ကိစ္စတွေမှာ မြန်မာနိုင်ငံနဲ့အတူ ဆက်ပြီး ရပ်တည်ပူးပေါင်းသွားမယ်။

မေး ။ ။ ကိုဗစ်- ၁၉ ကြောင့် ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်အလွန် စီးပွားရေးတိုးတက်ကောင်းမွန်ဖို့ ပြည်ပကနေ အကူအညီ တွေ လိုအပ်နေပါသေးတယ်။ ဂျပန် နိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေ မြန်မာနိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ်နှံဖို့လည်း မျှော်လင့်ကြ တယ်။ သံအမတ်ကြီးအနေနဲ့ မြန်မာနိုင်ငံကို ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေ လာကြဖို့ ဘယ်လိုများ ဆွဲဆောင်ပေးနိုင်မလဲ ဆိုတာ လည်း သိပါရစေ။

ဖြေ ။ ။ ကျွန်တော်တို့ ဂျပန်နိုင်ငံက လုပ်ငန်းရှင် အများစုကတော့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းလုပ်ကိုင် ဖို့ စိတ်ဝင်စားမှုအများကြီး ရှိပါတယ်။ ဇူလိုင်လ ၂၉ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယ ဝန်ကြီး ဦးဆက်အောင်တို့နဲ့ ကျွန်တော်တို့ ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ Video Conference နဲ့ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ကျင်းပခဲ့ပါ တယ်။ ဂျပန်ဘက်က ဂျပန်လုပ်ငန်းရှင် ၁၅၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။ ဒီဟာက ဂျပန်လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံဖို့ဘယ်လောက် စိတ်ဝင်စားသလဲ ဆိုတာကို ပြသနေပါတယ်။

နောက်တစ်ခုက ကိုဗစ်- ၁၉ ကြောင့် မြန်မာနိုင်ငံမှာ အလုပ်လုပ်ခဲ့တဲ့ ဂျပန်စီးပွားရေး လုပ်ငန်းရှင်တွေ ဂျပန်နိုင်ငံကို ခဏပြန်သွား တာရှိပါတယ်။ ဒါပေမယ့် အခု မြန်မာနိုင်ငံက ကိုဗစ်- ၁၉ ကို အောင်မြင်စွာ ထိန်းချုပ်နိုင်တဲ့အတွက် ချီးကျူးဖို့လည်း ကောင်းပါတယ်။ ဒါကြောင့်မို့ ဂျပန်ပြန်သွားတဲ့ လုပ်ငန်းရှင်တွေ ဟာ မြန်မာနိုင်ငံကို မြန်မြန်ဆန်ဆန် ပြန်လာ ချင်တဲ့သဘော ရှိပါတယ်။ ကိုဗစ်- ၁၉ ကြောင့် ဂျပန်နိုင်ငံမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို ပြန်လာဖို့အတွက် မြန်မာ အစိုးရက ကယ်ဆယ်ရေးလေယာဉ်ကို စီစဉ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီကယ်ဆယ်ရေး လေယာဉ်နဲ့ပဲ အချို့ဂျပန်စီးပွားရေးလုပ်ငန်း ရှင်တွေ မြန်မာနိုင်ငံကို ပြန်လာကြတာလည်း ရှိပါတယ်။

ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ဂျပန် လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံကို ပြန်လာနိုင်ဖို့ အကူအညီပေး နေတာကိုလည်း အင်မတန် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ပြောချင်တာ က မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်တော်တို့ ဂျပန်အစိုးရအနေနဲ့ ODA ကို အသုံးပြုပြီးတော့ လိုအပ်တဲ့ အကူအညီတွေ ပေးမှာပါ။

ဒါတင်မကသေးပါဘူး။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဂျပန်နိုင်ငံ က ရင်းနှီးမြှုပ်နှံသူတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဟာ အရေးကြီးပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံ မှုတွေကို ဆက်ပြီး ဖိတ်ခေါ်နိုင်အောင် ကျွန်တော်တို့ ဂျပန်သံရုံးအနေနဲ့ ဆက်ပြီးတော့ ကြိုးစားမှာပါ။

မေး ။ ။ ပြီးခဲ့တဲ့ ၃၆ နှစ်တာကာလအတွင်း ပထမဆုံး မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ခဲ့တဲ့ ဝန်ကြီးချုပ် အဖြစ် ဂျပန်ဝန်ကြီးချုပ် အာဘေးရှင်ဇိုဟာ ၂၀၁၃ ခုနှစ် မေလ ၂၄ ကနေ ၂၆ ရက်အထိ လာရောက်လည်ပတ်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဝန်ကြီးချုပ် အာဘေးရှင်ဇိုအစိုးရအဖွဲ့ရဲ့ ကူညီ မှုတွေကိုလည်း သိပါရစေ။

ဖြေ ။ ။ ဝန်ကြီးချုပ် အာဘေးရှင်ဇိုကတော့ မြန်မာနိုင်ငံကို ၁၉၈၃ ခုနှစ် က ပထမဆုံး ရောက်ခဲ့ပါတယ်။ အဲဒီအချိန်က သူ့အဖေက နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အာဘေးရှင်းတရောဆိုတော့ နိုင်ငံခြားရေး ဝန်ကြီး ခရီးစဉ်နဲ့ သူလည်း မြန်မာနိုင်ငံကို ရောက်ခဲ့ပါတယ်။ အဲဒီကတည်းက ဝန်ကြီးချုပ် အာဘေးရှင်ဇိုဟာ မြန်မာနိုင်ငံအပေါ်မှာ အင်မတန်သံယောဇဉ် ရှိပါတယ်။

အခုကျွန်တော်တို့ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ၂၀၁၆ ခုနှစ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဟာ ဂျပန်နိုင်ငံခရီးစဉ် သွားရောက်ခဲ့တဲ့အခါ ကျွန်တော်တို့ ဝန်ကြီးချုပ် အာဘေးရှင်ဇိုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကျွန်တော်တို့ ဝန်ကြီးချုပ် အာဘေးရှင်ဇို ကိုယ်တိုင်ကတိပြုတာက လက်ရှိ NLD ဦးဆောင်တဲ့ အစိုးရသက်တမ်း ငါးနှစ်အတွင်း မှာ ဂျပန်အစိုးရအနေနဲ့ ဂျပန်ယန်း ၈၀၀ ဘီလီယံ အကူအညီပေးဖို့ ရှိတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှာပါ။ မကြာခင်လာ ရောက်မယ့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr.MOTEGI ရဲ့ အလည်အပတ်ခရီးစဉ် ရလဒ်ကို အခြေခံပြီးတော့ ခုနက ပြောခဲ့တဲ့အတိုင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ ကဏ္ဍမျိုးစုံ အတွက် ပူးပေါင်းဆောင်ရွက်သွားမှာပါ။

မေး ။ ။ ဂျပန်- မြန်မာနိုင်ငံ ဆက်ဆံရေးပိုမိုတိုးတက် ခိုင်မြဲအောင် လုပ်ဆောင်သွားမယ့် သံအမတ်ကြီးရဲ့ သဘောထားတွေကိုလည်း သိချင်ပါတယ်။

ဖြေ ။ ။ အမြဲတမ်းပဲ ကျွန်တော့်ကို ဒီလိုမေးတဲ့အခါ ပြောနေကျ ရှိပါတယ်။ ဒါကဘာလဲဆိုတော့ ကျွန်တော်တို့ ဂျပန်နိုင်ငံ၊ ဂျပန်လူမျိုးတွေအတွက် မြန်မာ နိုင်ငံရဲ့ကျေးဇူး ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်းက မြန်မာနိုင်ငံကို ဂျပန်က ဒုက္ခပေးခဲ့ပါတယ်။ ဒါပေမယ့် စစ်ရှုံးပြီး စစ်တပ်တွေ ထွက်ပြေးတဲ့အချိန်မှာ မြန်မာပြည်သူတွေဟာ အများကြီး အကူအညီပေးခဲ့တယ်။ ကျွန်တော်တို့က ဒုက္ခပေးခဲ့တဲ့ မြန်မာပြည်သူတွေက ပြန်ပြီး အကူအညီပေးခဲ့ပါတယ်။ အင်မတန်မှ ထူးဆန်းတဲ့ကိစ္စ ဖြစ်ပါတယ်။

နောက်တစ်ခုက ဒုတိယကမ္ဘာစစ်ကြီး ပြီးတော့ ငြိမ်းချမ်းရေးစာချုပ်ကို ကမ္ဘာမှာ ပထမဆုံး လက်မှတ်ထိုးနိုင်ခဲ့တာက မြန်မာ နိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ငြိမ်းချမ်း ရေးစာချုပ်မှာ ပထမဆုံး လက်မှတ်ထိုးပေးခဲ့ တဲ့အတွက် တခြားနိုင်ငံတွေကလည်း လိုက်ပါဆောင်ရွက်ကြပါတယ်။ ဒီလိုစစ်ပွဲ ပြီးတဲ့အချိန်မှာ စားနပ်ရိက္ခာက အင်မတန်မှ ရှားပါးပါတယ်။

ဒီလို အချိန်မှာ မြန်မာနိုင်ငံက မြန်မာ ဆန်ဆိုပြီး ဂျပန်ကို အကူအညီပေးတာ ရှိပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံအတွက် မြန်မာနိုင်ငံဟာ ကျေးဇူးရှိခဲ့တယ်။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံ သံရုံးမှာ တာဝန်ထမ်းဆောင်တာ ငါးကြိမ်ရှိပါပြီ။ အဲဒီ ငါးကြိမ်တာဝန် ထမ်းဆောင်ခဲ့တဲ့အချိန် က ၂၅ နှစ် ရှိပါပြီ။ ကျွန်တော် ပထမဆုံး မြန်မာနိုင်ငံကို ရောက်တဲ့အချိန်နဲ့ လုံးဝ မတူတော့ပါဘူး။ အခုက နိုင်ငံရေး၊ စီးပွားရေး အတွက်အင်မတန်မှ အရေးကြီးတဲ့ အချိန်ကို ရောက်နေတယ်။ ဒီအတွက် ဂျပန်အစိုးရ၊ ဂျပန်ပြည်သူတွေက မိတ်ဆွေကောင်းအနေ နဲ့ကြိုးစားဖို့ အချိန်တန်ပြီလို့ ခံစားရပါတယ်။ ဩဂုတ်လ၂၄ ရက်နဲ့ ၂၅ ရက်နေ့မှာ နိုင်ငံခြား ရေးဝန်ကြီးအဖြစ်နဲ့ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်ကို လာရောက်လည်ပတ်ပြီး မျက်နှာ ချင်းဆိုင် တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ပိုမို နီးကပ်စွာ ချိတ်ဆက် လုပ်ကိုင်သွားဖို့ ညှိနှိုင်းလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံဟာ ကုန်ထုတ်လုပ်မှု အခြေခံနေရာအဖြစ်၊ ထွန်းသစ်စ ဈေးကွက်နေရာအဖြစ် အလား အလာကောင်းတွေ ရှိနေတာ ဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေမယ့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးတက် လာစေဖို့ သံအမတ်ကြီးအနေနဲ့ ဘယ်လို လုပ်ဆောင်နေသလဲဆိုတာ ရှင်းပြပေးစေလို ပါတယ်။

ဖြေ ။ ။ ၂၀၁၆ ခုနှစ်မှာ ကျွန်တော်တို့ ဝန်ကြီးချုပ်ကိုယ်တိုင် ဂျပန် ယန်း ၈၀၀ ဘီလီယံ အကူအညီပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ အဲဒီလို ကတိပြုတဲ့အခါ အဓိကကဏ္ဍသုံးခု သတ်မှတ်လိုက်ပါတယ်။ ပထမက ပို့ဆောင်ရေး၊ ပို့ဆောင်ရေးထဲမှာ ရထား၊ လေဆိပ်၊ ဆိပ်ကမ်း အကုန်ပါပါတယ်။ ဒုတိယက လျှပ်စစ်စွမ်းအင်ကဏ္ဍပါ၊ လျှပ်စစ် မရှိရင် ဘာမှလုပ်လို့မရတဲ့အတွက် ဒီအတွက် အားပေးကူညီမယ်။ တတိယကတော့ ရန်ကုန် စီးပွားရေးမြို့တော် ဖွံ့ဖြိုးရေး အတွက်ပါ။ ရန်ကုန်မြို့ဟာ စီးပွားရေး မြို့တော် ဖြစ်ပါတယ်။ ဒီစီးပွားရေးမြို့တော် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကူအညီပေးမယ်။ ပိုပြီးအရေးကြီးတာက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် လူ့စွမ်းအားအရင်း အမြစ်က အရေးကြီးပါတယ်။ ဒါကြောင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး‌တိုးတက်ရေးကိုလည်း ဆက်ပြီးအကူအညီပေးဖို့ စဉ်းစား နေပါတယ်။

တစ်ခုက မြန်မာနိုင်ငံအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး အောင်မြင်မှုရခဲ့တာက သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းပါ။ အခု သီလဝါ အထူးစီးပွားရေးဇုန်က ပြည်တွင်း ပြည်ပကုမ္ပဏီ အားလုံးပေါင်း လိုက်ရင် ၁၀၀ ကျော်လောက် စက်ရုံ ဆောက်နေကြပါတယ်။ ကိုဗစ်ကာလအတွင်း မှာလည်း ရပ်ဆိုင်းမှုမရှိဘဲ ဆက်လက် ဆောင်ရွက်နေပါတယ်။

ဒီသီလဝါအထူးစီးပွားရေးဇုန်ကနေ မြန်မာနိုင်ငံ အကျိုးကျေးဇူး ခံစားနိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဘယ်လိုကြိုးစားသလဲဆိုတော့ သီလဝါ အထူးစီးပွားရေးဇုန်နဲ့ ချိတ်ဆက်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ နည်းပညာ၊ အတွေ့အကြုံတွေရရှိပြီး နောက်ပိုင်းမှာ ကိုယ်ထူ ကိုယ်ထ ဆက်လုပ်သွားနိုင်မယ်။

မေး ။ ။ မြန်မာအစိုးရ ဆောင်ရွက်နေတဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ အဖွဲ့အစည်းတွေ တိုးတက်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးစတဲ့ လုပ်ငန်းစဉ်တွေမှာ ဂျပန်အစိုးရ အကူအညီ ပေးနေတာတွေကိုလည်း သိပါရစေ။

ဖြေ ။ ။ ခုနက ကျွန်တော် ရှင်းပြခဲ့သလိုပါပဲ။ အခုက မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေး ကြီးတာက ပို့ဆောင်ရေးကဏ္ဍ ဖြစ်ပါတယ်။ ဥပမာပြောရင် ရန်ကုန်- မန္တလေး ရထား လမ်း စီမံကိန်းကို နှစ်နိုင်ငံအစိုးရ ပူးပေါင်း ပြီး အကောင်အထည်ဖော်တယ်။ ဂျပန်နိုင်ငံ က ODA ချေးငွေနဲ့ ဆောင်ရွက်နေပါတယ်။ ရန်ကုန်မြို့မှာဆိုရင် ရန်ကုန်မြို့ပတ်ရထား လမ်းကိုလည်း ဆောင်ရွက်နေတာ ရှိပါတယ်။ ကျေးလက်ဒေသမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက်လည်း ပူးပေါင်း ဆောင်ရွက်နေတာတွေ ရှိပါတယ်။ နောက်တစ်ခု အရေးကြီးတာက ပညာရေး ကဏ္ဍဟာ အရေးကြီးပါတယ်။ ကျေးလက် ဒေသတွေမှာ အခြေခံကျောင်းတွေ မရှိတဲ့ နေရာတွေ ရှိပါတယ်။ ဒါကြောင့် ကျောင်းဆောက်တာတွေကိုလည်း ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးစီမံကိန်းအရ ဆောင်ရွက်နေပါတယ်။

မေး ။ ။ ကိုဗစ်- ၁၉ ထိန်းချုပ်၊ ကာကွယ်ရေးအတွက် အကူအညီပေးမှုတွေ ကိုလည်း သိချင်ပါတယ်။

ဖြေ ။ ။ ကျန်းမာရေးကဏ္ဍမှာ အသုံးပြုမယ့် ဆေးပစ္စည်း ကိရိယာတွေ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ ဒါအတွက် ဆက်ပြီး ကြိုးပမ်းဆောင်ရွက် သွားမှာပါ။ နောက်တစ်ခုက ကျန်းမာရေးကဏ္ဍအတွက် သာမက ကိုဗစ်- ၁၉ ကြောင့် တစ်ကမ္ဘာလုံးမှာ စီးပွားရေး ထိခိုက်တဲ့ အတွက် မြန်မာအစိုးရအနေနဲ့ လိုအပ်တဲ့ဟာ ရှိရင် ဂျပန်ယန်း ဘီလီယံ ၃၀ အကူအညီပေးဖို့ ဆောင်ရွက်နေတာလည်း ရှိပါတယ်။ ဒီတစ်ခေါက် နိုင်ငံခြားရေးဝန်ကြီး Mr. MOTEGI ခရီးစဉ်မှာ နှစ်နိုင်ငံအကြား ခရီးသွားလာမှု ပြန်လည်စတင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေးနဲ့ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019, COVID- 19) စီမံချက်အပါအဝင် အမျိုးမျိုးသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင် ရွက်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

မေး ။ ။ သီလဝါစက်မှုဇုန်ဟာ အောင်မြင်မှုရရှိခဲ့တဲ့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တခြားစီးပွားရေး ဇုန်တွေအနေနဲ့ အတုယူကြဖို့ တိုက်တွန်းထားပါတယ်။ လက်ရှိသီလဝါစက်မှုဇုန် အောင်မြင်မှု အခြေအနေနဲ့ အခက်အခဲတွေရှိခဲ့ရင်လည်း ပြောပြပေးပါ။

ဖြေ ။ ။ သီလဝါ အထူးစီးပွားရေးဇုန်ဟာ အောင်မြင်တဲ့ စီးပွားရေးဇုန်တစ်ခု ဖြစ်ပါတယ်။ အဲဒီမှာ စက်ရုံ ၁၀၀ ကျော် ဆောက်နေပါတယ်။ စက်ရုံ ၁၀၀ ကျော်ဟာ တစ်ဝက်လောက်က ဂျပန်စက်ရုံတွေ ဖြစ်ပါ တယ်။ ဥပမာပြောရရင် ဆူဇူကီးကားကုမ္ပဏီက ကားတွေ ထုတ်လုပ်နေပါပြီ။ တိုယိုတာကား ကုမ္ပဏီကနေ ကားတွေ နောက်နှစ်မှာ စပြီး ထုတ်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီအစီအစဉ်က ကိုဗစ်- ၁၉ ကြောင့် အပြောင်းအလဲတော့ မရှိပါဘူး။ ဆက်ပြီးဆောင်ရွက်မယ့် စီမံကိန်းတွေပါ။ သီလဝါအထူးစီးပွားရေး ဇုန်က ဂျပန်ကုမ္ပဏီ တွေရဲ့ နည်းပညာနဲ့ စီမံခန့်ခွဲမှုတွေကို မြန်မာ ကုမ္ပဏီတွေကို မိတ်ဆက်ပေးပြီး ကိုယ်ထူ ကိုယ်ထ နိုင်သလောက် စီးပွားရေး လုပ်ဆောင် တဲ့အဆင့်ကို ရောက်စေချင်ပါတယ်။ နောက်တစ်ခုက နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဇူလိုင် ၂၉ ရက်က ဦးစီး ကျင်းပခဲ့တဲ့ Video Conferenceနဲ့ ဂျပန်- မြန်မာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ ပြောကြားတာ ရှိပါတယ်။ မွန်ပြည်နယ်မှာ အထူးစီးပွားရေး ဇုန်တစ်ခု စတင်အကောင်အထည်ဖော် စေချင်တဲ့သဘောကို ပြောပါတယ်။ ကျွန်တော် တို့ကလည်း အထူးစိတ်ဝင်စားပြီး အလေး အနက်ထား စဉ်းစားနေပါတယ်။ အဲဒီ စီမံကိန်းက အရေးကြီးပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ East-West Corridor နဲ့ နီးစပ်တယ်၊ ထိုင်းနိုင်ငံနဲ့ နီးစပ်တယ်၊ ရန်ကုန်နဲ့နီးတယ်၊ လမ်းပန်းဆက်သွယ်ရေး ကောင်းတယ်၊ ဒီစီမံကိန်းကို မြန်မာအစိုးရ အနေနဲ့ဆောင်ရွက်ဖို့ ဆန္ဒရှိရင်ကျွန်တော်တို့ ဂျပန်အစိုးရ၊ ဂျပန်ကုမ္ပဏီတွေနဲ့အတူ ပူးပေါင်း အကောင်အထည်ဖော်သွားဖို့ အလေးအနက်ထား စဉ်းစားနေပါတယ်။ ဒီတစ်ခေါက် နိုင်ငံခြားရေးဝန်ကြီး Mr. MOTEGI ခရီးစဉ်ကို အကြောင်းပြုပြီး သီလဝါ အထူးစီးပွားရေးဇုန် ဆက်လက် အောင်မြင်ဖို့အတွက် ဘယ်လိုမျိုး ပူးပေါင်း ဆောင်ရွက်နိုင်မလဲဆိုတာကို မြန်မာနိုင်ငံ အစိုးရနဲ့အတူတူ ဆက်လက်စဉ်းစား သုံးသပ်သွားလိုပါတယ်။

မေး ။ ။ သံအမတ်ကြီးအနေနဲ့ ဖြည့်စွက်ပြောကြားချင်တာ ရှိရင် ပြောကြားပေးပါ။

ဖြေ ။ ။ မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ကြားကပဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရ၊ ပြည်သူကြိုးစား ဆောင်ရွက်နေတာကို အင်မတန်လေးစားပါတယ်။ ချီးကျူးပါတယ်။ ဂျပန်နိုင်ငံအတွက် မြန်မာနိုင်ငံဟာ တန်ဖိုးရှိ အလေးထားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် နှစ်နိုင်ငံ စီးပွားရေး၊ လူမှုရေး စတဲ့ပူးပေါင်းဆက်ဆံရေး အားလုံး တိုးတက်အောင် ကျွန်တော်တို့ ဂျပန်သံရုံးအနေနဲ့၊ ဂျပန်အစိုးရ အနေနဲ့ ကြိုးစားသွားပါ့မယ်။

ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်း- သတင်းအဖွဲ့