Skip to main content

ဗုဒ္ဓစာပေအဖွဲ့က ရိုက်နှိပ်ထုတ်ဝေသော ပိဋကသုံးပုံပါဠိတော် အုပ်ရေ ၄၀၊ ကွန်ပျူတာစာမူ Soft Copy နှင့် အဘိဓာန်ကျမ်းစာအုပ်များ လှူဒါန်းပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၈

ရွှေသုဝဏ်ဆရာတော်ကြီး ဦးဆောင်သော ဗုဒ္ဓစာပေအဖွဲ့၏ ပိဋကသုံးပုံပါဠိတော် အုပ်ရေ ၄၀၊ ကွန်ပျူတာစာမူ Soft Copy နှင့် အဘိဓာန်ကျမ်းစာအုပ်များ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်လယ်ဝေးမြို့ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်၊ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် မဟာနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တသုဇနာဘိဝံသ (သ-စ-အ ဓမ္မာ စရိယ) မထေရ်မြတ်၊ မန္တလေးမြို့မဟာသုန္ဒရာရာမကျောင်းတိုက်၊ ရန်ကုန်မြို့ဓမ္မစင်္ကြာရိပ်သာ ကျောင်းတိုက်နှင့် မဟာသုန္ဒရာရာမခိုင်သစ္စာကျောင်းတိုက်များ၏ ပဓာနနာယက၊ ဗုဒ္ဓစာပေအဖွဲ့ ဦးဆောင်နာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ သာသနဓဇ ဓမ္မာစရိယ၊ ဇေယျာလူမှုထူးချွန် ပထမဆင့် လက်ပံတောင်းဆရာတော် ဘဒ္ဒန္တအာဝုဓမထေရ်မြတ်နှင့် ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဗုဒ္ဓစာပေအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဘဒ္ဒန္တသုဇနာဘိဝံသ (သ-စ-အ ဓမ္မာစရိယ) မထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များထံမှ မေတ္တသုတ်ပရိတ် တရားတော်များ နာယူကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဗုဒ္ဓစာပေအဖွဲ့၊ ဒုတိယရုံး အဖွဲ့မှူးက ပိဋကသုံးပုံပါဠိတော် အုပ်ရေ ၄၀၊ ကွန်ပျူတာစာမူ Soft Copy တို့ကို လည်းကောင်း၊ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးစိန်လှဝင်းက ဗုဒ္ဓစာပေအဖွဲ့၏ ဦးဆောင် နာယက လက်ပံတောင်းဆရာတော် လှူဒါန်းသည့် ပဋ္ဌာန်းကျမ်းစာအုပ် အစုံ ၁၀၀ ကို လည်းကောင်း၊ ဦးကျော်ညွန့်မိသားစုက ပိဋကသုံးပုံပါဠိတော်နှင့်အဘိဓာန်ကျမ်း စာအုပ်များကိုလည်းကောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။

ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်

ယင်းနောက် ဗုဒ္ဓစာပေအဖွဲ့၏ ဦးဆောင်နာယက လက်ပံတောင်းဆရာတော်နှင့် ဒါယကာ၊ ဒါယိကာမများက ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်အတွက် ပစ္စည်းလေးပါး ငွေပဒေသာပင် ငွေကျပ်သိန်း ၅၀ ကို ဆရာ တော်၏ ကပ္ပိယကာရက ဦးအေးသော်ကလှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ပြီး ဗုဒ္ဓစာပေအဖွဲ့သို့ ငွေကျပ်သိန်း ၂၀ လှူဒါန်းသည်။

ဆက်လက်၍ လက်ပံတောင်းဆရာတော် ဘဒ္ဒန္တအာဝုဓမထေရ်မြတ်က လှူဒါန်းခြင်းနှင့် စပ်လျဉ်း၍ ဩဝါဒကထာမြွက်ကြားရာတွင် ရွှေသုဝဏ်ဆရာတော်ကြီးသည် သာသနာ့သမိုင်းတွင် ပါဠိတော်၊ အဋ္ဌကထာနှင့် ကျမ်းပေါင်း မြောက်မြားစွာဖော်ထုတ်ပြီး ယခုကဲ့သို့ ရိုက်နှိပ်ခဲ့ပါကြောင်း၊ ဆရာတော်ကြီးက ပါဠိတော်များကို ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ခြောက်နှစ်တာကြာအောင် ကွန်ပျူတာဖြင့် စာစီရပါကြောင်း၊ ငွေပမာဏအနေဖြင့် သိန်းပေါင်းတစ်သောင်း ကုန်ကျပါကြောင်း၊ ပါဠိတော်များကို ကွန်ပျူတာစာမူပြုလုပ်ရာတွင် ဆရာတော်ကြီးက တပည့်ပညာရှင်များနှင့် ခက်ခက်ခဲခဲ ခြောက်နှစ်ကြာအောင် ပြုစုထားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့်ယင်းစာမူများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လှူဒါန်းရန် ဗုဒ္ဓစာပေအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် ယနေ့အခမ်းအနားတွင် လှူဒါန်းခြင်းဖြစ်ကြောင်း မြွက်ကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် ဗုဒ္ဓစာပေအဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးဘုန်းနိုင်က ဗုဒ္ဓစာပေအဖွဲ့သမိုင်းနှင့် ပိဋကသုံးပုံပါဠိတော်အုပ်ရေ ၄၀၊ ကွန်ပျူတာ စာမူ Soft Copy လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဧည့်သည်တော်များက မန္တလေးတိုင်းသံဃ နာယကအဖွဲ့ဝင်၊ မန္တလေးမြို့မိုးကောင်းကျောင်းတိုက်၊ အလယ်ရွှေကျောင်းကြီး ဆရာတော် ဘဒ္ဒန္တဓမ္မဓိပတျာလင်္ကာရမထေရ်မြတ်ထံမှ အနုမောဒနာတရားနှင့် ရေစက်ချတရားနာယူခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်