Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်တို့သည် ဝမ်ဆိုင်းဒေသတွင် ရှိ သက်တန်းရင့် လ္ဘက်ပင်များအား ကွင်းဆင်းကြည့်ရှု

ကျိုင်းတုံ စက်တင်ဘာ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း ၊ ပြည်နယ်ဝန်ကြီးများ၊ "ဝ" ကိုယ်ပိုင်အုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာဝန်ရှိသူတို့သည် စက်တင်ဘာ(၁၇)ရက် ညနေ(၃)နာရီခွဲက ကျိုင်းတုံမြို့နယ်၊ ဝမ်ဆိုင်းဒေသထွက် ထုတ်ကုန်လုပ်ငန်းတစ်ခုဖြစ်သော စီးပွားဖြစ်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် သက်တန်းရင့်လ္ဘက်ပင်များအား သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

ဆက်လက်၍ ဝမ်ဆိုင်းဘုန်းတော်ကြီးကျောင်းအားသွားရောက်၍ ကျောင်းရှိဆရာတော်အား ဖူးမျှော်ကန်တော့၍ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်။

ထို့နောက် ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့နောင်တုံကန်နှင့် ကျိုင်းတုံဟော်နန်းသံကူ ကွန်ကရိ(၂)ထပ်ဆောင် တည်ဆောက်နေမှုအားကြည့်ရှုရာ နယ်မြေခံဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးမှရှင်းလင်း၍ ဟော်နန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။

၎င်းနောက် ကျိုင်းတုံဗုဒ္ဓဥယျာဉ္ဇတော်သို့ သွားရောက်၍သတ္တသတ္တာဟ မဟာဗောဓိစေတီတော်နှင့် အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးအား ဖူးမျှော်ကြည်ညိုကန်တော့ပြီး ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ်လှူဒါန်း၍ အလှူငွေများ ပေးအပ်လှူဒါန်းပေးရာ တာဝန်ရှိသူများမှ လက်ခံရယူကြသည်။

ယင်းနောက် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက် ဦးစီးပဓါနနာယကဆရာတော်၊ နိုင်ငံတော်ဩဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရ နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တဓမ္မသီရိကျန်းမာရေးအခြေအနေ စောင့်ရှောက်နေမှုကို သွားရောက်ကြည့်ရှုဖူးမျှော်ကြည်ညိုကန်တော့ပြီး ဆရာတော်ဆေးကုသရန် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ထို့နောက်နိုင်ငံတော်စီမံအုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့များသည် တာချီလိတ်ရွှေတိဂုံစေတီတော်အား သွားရောက်ဖူးမျှော်ကြည်ညို၍ ပန်း၊ ရေ၊ ချမ်း၊ ဆီမီးဆက်ကပ်လှူဒါန်းပေးပြီး အလှူငွေများလှူဒါန်းပေးကြောင်း သိရှိရသည်။

သတင်းစဉ်