ရန်ကုန် စက်တင်ဘာ ၁၇
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ဥပဒေရုံးအရာထမ်းအိမ်ရာ၊ မြောက်ဥက္ကလာပ မြို့နယ်ဥပဒေရုံးနှင့် စမ်းချောင်းမြို့နယ် ဥပဒေရုံးအဆောက်အအုံသစ် ဖွင့်ပွဲများသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် ဥပဒေအရာထမ်း၊ အမှုထမ်းများ၊ ဥပဒေရုံးအဆောက်အအုံများကို တာဝန်ယူတည်ဆောက်ခဲ့သော ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြောက်ဥက္ကလာပမြို့နယ် ဥပဒေရုံးအဆောက်အအုံသစ်ကို ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယရှေ့နေချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆွေဆွေအောင်၊ ဒေါက်တာသီတာစမ်း၊ ဒေါ်ယုယုခင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က မြောက်ဥက္ကလာပမြို့နယ် ဥပဒေရုံးသစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်ပက်ဖျန်းကာ ဥပဒေရုံးသစ်ကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးတို့က စမ်းချောင်းမြို့နယ် ဥပဒေရုံးအဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖျန်းပေးကာ ဥပဒေအဆောက်အအုံသစ်ကို လှည့်လည်ကြည့်ရှုကြသည်။
အဖွင့်အမှာစကားပြောကြား
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ဥပဒေချုပ်ရုံးခန်းမတွင် ကျင်းပသည့် သန်လျင်ခရိုင်ဥပဒေရုံး အိမ်ရာသစ်၊ မြောက်ဥက္ကလာပမြို့နယ် ဥပဒေ ရုံးသစ်၊ စမ်းချောင်းမြို့နယ် ဥပဒေရုံးအဆောက်အအုံသစ်များနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက ဥပဒေရုံးအရာထမ်းအိမ်ရာသစ်နှင့် ဥပဒေရုံးအသစ်များ ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်က ဥပဒေရုံးအသစ် များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဥပဒေရုံးများကို တာဝန်ယူတည်ဆောက်ခဲ့ကြသည့် ကုမ္ပဏီများကိုယ်စား ဗိုလ်မင်းဗိုလ်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးရဲနောင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ယင်းနောက် သန်လျင်ခရိုင် ဥပဒေရုံးအရာထမ်းအိမ်ရာ၊ စမ်းချောင်းမြို့နယ် ဥပဒေရုံး၊ မြောက်ဥက္ကလာပမြို့နယ် ဥပဒေရုံးအဆောက်အအုံသစ် မှတ်တမ်းအထောက်အထားများကို ဆောက်လုပ်ခွင့်ရကုမ္ပဏီများက ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးမောင်မောင်တာက လက်ခံရယူသည်။
ယနေ့တွင် သန်လျင်ခရိုင် ဥပဒေရုံးအရာထမ်းအိမ်ရာ (၈၆ x ၃၅) ပေ၊ RC လေးခန်းတွဲ လေးထပ်တစ်လုံး၊ မြောက်ဥက္ကလာပမြို့နယ် ဥပဒေရုံး နှင့်အရာထမ်းအိမ်ရာ ရုံးဆိုင်းဘုတ်အပါအဝင် (၇၂ x ၄၆) ပေ၊ RC လေး ခန်းတွဲ လေးထပ်တစ်လုံးနှင့် စမ်းချောင်းမြို့နယ်ဥပဒေရုံး၊ ရုံးခြံစည်းရိုးနှင့် ရုံးဆိုင်းဘုတ်အပါအဝင် (၃၈ ဒသမ ၆ x၄၈ ဒသမ ၆) ပေ RC ငါးထပ် အဆောက်အအုံတို့ကို ဖွင့်လှစ်ခဲ့သည်။
သတင်းစဉ်