ရန်ကုန် စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက် အမှတ် (၄) လမ်းမကြီးပေါ်ရှိ အင်းစိန်ခရိုင်တရားရုံး အဆောက်အဦသစ် ပန္နက်တော်တင်တွင်း တော်ဝန်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါအဆောက်အဦ တည်ဆောက်မည့်နေရာ မင်္ဂလာမဏ္ဍပ်၌ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးကျော်ကျော်တို့က သတ်မှတ်နေရာအသီးသီးတွင် နေရာယူကာ ပန္နက်တော်တင် တွင်းတော်ဝန်း ပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ပန္နက်တော်တင်တွင်းတော်ဝန်း အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုး ရွာသွန်းပေးပြီး အဆောက်အဦ ဆောက်လုပ်မည့်ပရဝဏ်အတွင်း လှည့်လည်ကြည့်ရှုသည်။
အဆိုပါ အဆောက်အဦကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၂၀၂၃-၂၀၂၇ (၅) နှစ်တာ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း၊ ပထမနှစ် လုပ်ငန်းအစီအစဉ် (၂၀၂၃) ၏ မဟာဗျူဟာလုပ်ငန်း နယ်ပယ် (၁)၊ မဟာဗျူဟာ ရည်မှန်းချက် ၁ ဒသမ ၄၊ မဟာဗျူဟာအစီအစဉ် ၁.၄.၁ နှင့်အညီ စီမံကိန်းချမှတ်၍ ဦးစားပေးအဆင့် (၁) အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ယင်း အဆောက်အဦမှာ အလျား ပေ ၂၀၀၊ အနံ ပေ ၁၄၀ ရှိ သံကူကွန်ကရစ် ငါးထပ်အဆောက်အဦဖြစ်ပြီး M Interior Design ကုမ္ပဏီက တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်