Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ရန်ကုန်မြို့ရှိ နိုင်ငံခြားသားများရေးရာဌာန ပြည်ဝင်၊ ပြည်ပြန်ဝင်နှင့် နေခွင့်ပြုခြင်းဆိုင်ရာဌာနခွဲနှင့် အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန မှတ်တမ်းဌာန(ရန်ကုန်) ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၆

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန နိုင်ငံခြားသားများရေးရာဌာန ပြည်ဝင်၊ ပြည်ပြန်ဝင်နှင့် နေခွင့်ပြုခြင်းဆိုင်ရာဌာနခွဲသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ဌာနခွဲခန်းမ၌ လုပ်ငန်းတာဝန်ခံများက မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် နိုင်ငံခြားသားများ၏ ပြည်ဝင်ဗီဇာနှင့် နေထိုင်ခွင့်ဆိုင်ရာ သက်တမ်းတိုးမြှင့်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ သီလဝါဆိပ်ကမ်းနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)တို့၌ နေထိုင်ခွင့်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်း(PR)ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှု၊ နိုင်ငံခြားသားမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး နိုင်ငံခြားသားများ၏ ပြည်ဝင်ဗီဇာနှင့် နေခွင့်သက်တမ်းတိုးခြင်းကိစ္စရပ်များနှင့် နိုင်ငံခြားသားထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထိရောက်သော ဝန်ဆောင်မှုပေးရေးနှင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ရေး မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကွန်ပျူတာခန်းအတွင်း နိုင်ငံခြားသားများ၏ ပြည်ဝင်ဗီဇာနှင့် နေခွင့်သက်တမ်းတိုးခြင်းလုပ်ငန်းနှင့် ပတ်သက်သည့် စာရင်းဇယားများ ဖြည့်သွင်းနေမှုနှင့် Online မှတစ်ဆင့် ရုံးချုပ်သို့ စာရင်းဇယားများပေးပို့နေမှု လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန မှတ်တမ်းဌာန(ရန်ကုန်)သို့ရောက်ရှိပြီး လုပ်ငန်းတာဝန်ခံက ဒစ်ဂျစ်တယ်မှတ်တမ်းတင်ခြင်းစနစ် လုပ်ငန်းဆောင်ရွက်နေမှု၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခင်မှတ်တမ်းဟောင်းများကို နည်းပညာဖြင့် ပြန်လည်ထိန်းသိမ်းနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး စနစ်တကျ အလေးဂရုပြု ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ခန်းမဆောင်အတွင်း ခေတ်အဆက်ဆက် ထိန်းသိမ်းထားရှိသည့် အမျိုးသားမှတ်ပုံတင်ဆိုင်ရာ မှတ်တမ်းမှတ်ရာများနှင့် အထောက်အထား အချက်အလက်များကို နည်းပညာအသုံးပြု၍ ဒစ်ဂျစ်တယ်မှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အဆိုပါဌာန၌ မှတ်တမ်းများထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်