မြစ်ကြီးနား စက်တင်ဘာ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာနှင့် တရားရေးဝန်ထမ်းများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဥပဒေအရာရှိများ၊ ပြည်နယ် ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဥပဒေ အထောက်အကူပြုအဖွဲ့များ၊ ရှေ့နေအဖွဲ့များနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာတရားရေးအဖွဲ့၊ ဌာနဆိုင်ရာများ အချင်းချင်းချိတ်ဆက်၍ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် တရားရေးဦးစီးမှူးတို့က တရားရေးဆိုင်ရာ အမှုအခင်းများနှင့် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်က ဌာနဆိုင်ရာစာချုပ်များနှင့်စပ်လျဉ်း၍ ဥပဒေအကြံပြုခြင်း ဆိုင်ရာလုပ်ငန်းများကိုလည်းကောင်း၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးက တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်နယ်တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ဆောင်ရွက်အဖွဲ့၏ လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မဲစာရင်းမှန်ကန်မှုရှိစေရေး ပြည်နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးတို့တွင် အချင်းချင်းထိန်းညှိ ဆောင်ရွက်နေမှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်မှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်တို့သည် လေကြောင်းခရီးစဉ်ဖြင့် ပူတာအိုခရိုင် ပူတာအိုမြို့သို့ ရောက်ရှိကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် သိန်း ၃၅၀ ပံ့ပိုးမှုဖြင့် ဒေသတွင်းပထမဆုံး တည်ထောင်ဖွင့်လှစ်ထားသည့် ဆန်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်ပိုင် တစ်ရက်လျှင် ဆန် ၁၈ တန်ကျ ဆန်စက်လုပ်ငန်းကို သွားရောက်ကြည့်ရှုကြပြီး လိုအပ်ချက်/ အခက်အခဲများကို မေးမြန်းဆွေးနွေး၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် အဆိုပါရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၁၀ သိန်းပံ့ပိုးမှုဖြင့် မွေးမြူရေးတောင်သူ ဦးမကူနော်အောင်၏ ငါးမွေးမြူရေးကန်၌ ရွှေဝါငါးကြင်း၊ ထိုင်းငါးခုံးမ၊ ငါးဂလာ၊ ငါးလိုင်၊ တီလား ပီးယားငါးနှင့်ဒေသမျိုးရင်း ငါးနီငါးကောင်ရေတစ်သောင်းကျော် မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး ဂျိမ်းဖောစာပေနှင့် ယဉ်ကျေးမှုအသင်း အသင်းပိုင်ရုံးတည်ဆောက်ရာတွင် အကူအညီပေးနိုင်ရေး၊ မနောကွင်းမြေနေရာရရှိရေးနှင့် လိုအပ်ချက်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်