ရန်ကုန် စက်တင်ဘာ ၁၅
အင်းလျားကန်နှင့် ကန်တော်ကြီးကန်အတွင်း ရေများပြည့်နေပြီး သတ်မှတ်ရေချိန်အမှတ် ထက်ကျော်လွန်နေသဖြင့် ရေပိုလွှဲနှင့် ရေထိန်းတံခါးမှရေများ ထုတ်ယူပေးခဲ့ရကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ယင်းကဲ့သို့ ရေများထုတ်ယူပေးခဲ့ရသည့်အခြေအနေများကို ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် အဖွဲ့ဝင်များ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားလမ်းညွှန်ခဲ့သည်။
စက်တင်ဘာ ၁၅ ရက် တိုင်းတာချက်များအရ အင်းလျားကန်သည် သတ်မှတ်ရေချိန်အမှတ် ၄၈ ပေ ကျော်လွန်နေသည့်ရေများကို ရေပိုလွှဲ Spill Way မှ တစ်ဆင့် အင်းလျားကန်ရေထုတ်မြောင်း၊ ကမ္ဘာအေးဘုရားလမ်းမြောင်း၊ ရန်ကင်းဆည်မြောင်းချောင်းနှင့် တောင်ဥက္ကလာ ရေပေါက်ကြည် ချောင်းတို့သို့ ဖြတ်သန်းစီးဆင်းစေပြီး ထိုမှတစ်ဆင့် ငမိုးရိပ်ချောင်းအတွင်းသို့ စီးဝင်အောင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန်တော်ကြီးကန်သည်လည်း စက်တင်ဘာ ၁၅ ရက်တွင် သတ်မှတ်ရေချိန်အမှတ် ၃၈ ပေ ကျော်လွန်နေသည့် ရေများကို ကန်တော်ကြီးသဘာဝဥယျာဉ်ရှိ ရေထိန်းတံခါးမှ ထုတ်ယူပေး ခဲ့ခြင်းကို မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးရွာနေသည့်အချိန် ထိစပ် ရပ်ကွက်များအတွင်း ရေကြီးရေလျှံ မဖြစ်စေရန် ရေထိန်းတံခါးအား ပိတ်ထားပြီး မိုးတိတ်မှသာ သတ်မှတ်ရေချိန်အမှတ် ကျော်လွန်နေသည့်ရေများကို ထုတ်လွှတ်သွားရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်)က လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တီစီ