ရန်ကုန် စက်တင်ဘာ ၁၅
နိုင်ငံတော်ပိုင်လေကြောင်းလိုင်းဖြစ်သော မြန်မာအမျိုးသားလေကြောင်းမှ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးခရီးစဉ်များတွင် အသုံးပြုမည့် Boeing 737-400 Cargo လေယာဉ်တစ်စင်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာကြောင်း သိရသည်။
“ဒီလေယာဉ်က မလေးရှားနိုင်ငံကဖြစ်ပါတယ်။ ဒါကို တစ်နှစ်ငှားရမ်းပြီးတော့ပျံသန်းမှာပါ။ တစ်နှစ် ငှားရမ်းရတဲ့အနေအထားကလည်း Cargo Market ကို မြန်မာနိုင်ငံအနေနဲ့ စတင်ဝင်ရောက်ပြီဆိုတာကို အသိပေးတာဖြစ်ပါတယ်။ ဒီတစ်နှစ်ကို ငှားရမ်းတဲ့ အနေနဲ့လုပ်ကိုင်ပြီးမှ တစ်နှစ်နောက်ပိုင်းမှာမှ ပျံသန်းရတဲ့ခရီးစဉ်တွေနဲ့ ရရှိတဲ့ကုန်စည်နဲ့ နောက်တစ်ခါ လအလိုက်၊ Flight အလိုက်ဝင်တဲ့ဝင်ငွေနဲ့ ပြန်တိုင်းတာပြီးတော့မှ နောက်တစ်နှစ်မတိုင်မီမှာ ပြန်လည်ဆုံးဖြတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာ အမျိုးသားလေကြောင်းအတွက် ဒီ Cargo လေယာဉ်က ပထမဆုံးဖြစ်ပါတယ်။ မြန်မာအမျိုးသား လေကြောင်းက စက်တင်ဘာ ၁၅ ရက်မှာ ၇၅ နှစ် ပြည့်တာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့အရောက် ရန်ကုန်ကို ခေါ်ခဲ့တာဖြစ်ပါတယ်”ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း စီးပွားရေးဌာနမှူး ဦးနိုင်စောလွင်က ပြောသည်။
ယင်း Cargo လေယာဉ်သည် တန်ချိန်အားဖြင့် ၁၈ တန်အထိ သယ်ဆောင်နိုင်မည့်အပြင် ပုံမှန် လေကြောင်းခရီးစဉ်တွင် သယ်ဆောင်၍မရသော ကုန်ပစ္စည်းများကို ပို့ဆောင်နိုင်မည်ဖြစ်ပြီး ကုန်ပစ္စည်းသယ်ယူပို့ဆောင်သည့် ခရီးစဉ်များကို ပိုမိုချဲ့ထွင် ပျံသန်းပို့ဆောင်နိုင်စေမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့မှ အခြေပြုကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းရှိ မြို့များ၊ စင်ကာပူ၊ ဟောင်ကောင်၊ အိန္ဒိယနိုင်ငံတို့သို့ ကူးသန်းပြေးဆွဲသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။
အာကာလင်း