နေပြည်တော် စက်တင်ဘာ ၁၅
၂၀၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနအကြီးအကဲများ၊ အမျိုးသားအိုဇုန်းယူနစ်အဖွဲ့ဝင်များ၊ အအေးပေးစက်ဆိုင်ရာ စက်မှုနည်းပညာရှင်များအသင်းမှ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်နှင့် စက်မှုလက်မှုသိပ္ပံမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် ၁၉၈၇ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့ကို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “ရာသီဥတု ပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး” ဖြစ်ကြောင်း၊ မှန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့ဖြစ်သော ဟိုက်ဒရိုဖလူရိုကာဗွန်-HFC သုံး အအေးပေးဒြပ်ပစ္စည်းသုံးစွဲမှုကို လျှော့ချခြင်းဖြင့် အိုဇုန်းလွှာကာကွယ်ခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲမှုလျှော့ချနိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ် ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာပျက်စီးမှု၏ အကျိုးဆက်များဖြစ်သည့် လူသားများ၏ ကျန်းမာ ရေးနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို ထိန်းချုပ်ဆောင်ရွက်နိုင်ရေးအတွက် မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်နှင့် ထပ်တိုးပြင်ဆင်ချက်လေးခုတို့တွင် အဖွဲ့ဝင်အဖြစ် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားမှုများတွင် နိုင်ငံတကာနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဟိုက်ဒရိုဖလူရိုကာဗွန်-HFC လျှော့ချနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်မှစတင်၍ HFC သုံးစွဲမှုကို ထိန်းချုပ်ကန့်သတ်ကာ ၂၀၄၅ ခုနှစ် တွင် ၈၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်ကြောင်း။
ယနေ့ကမ္ဘာကြီး၏အပူချိန်ကို လျှော့ချနိုင်ရန်နှင့် အိုဇုန်းလွှာထိခိုက်မှုလျော့ကျစေရန်အတွက် စွမ်းအင်သုံးစွဲမှုနှင့် ကာဗွန်ထုတ်လွှတ်မှု လျော့နည်းစေသော အအေးပေးဒြပ်ပစ္စည်းများကိုသာ တင်သွင်းဖြန့်ဖြူး အသုံးပြုသွားရန် အရေးကြီးကြောင်း၊ ကမ္ဘာကြီးပူနွေးစေမည့် အလားအလာ မြင့်မားသော ဒြပ်ပစ္စည်းများ လျှော့ချသုံးစွဲရေးအတွက် ပြည်သူလူထုကိုအသိပညာ ပေးခြင်းနှင့်အိုဇုန်းလွှာ၊ ရာသီဥတုနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသော နည်းပညာမြှင့်တင်ရေး သင်တန်းများနှင့် သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်းလုပ်ငန်းစဉ်များတွင် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ သုတေသနပညာရှင်များနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယိုနှင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဗီဒီယိုတို့အား ပြသပြီး မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများက အထိမ်းအမှတ်ပိုစတာများ ပြသထားမှုကို လှည့်လည်ကြည့်ရှုရာ တာဝန် ရှိသူများက ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
သတင်းစဉ်
