နေပြည်တော် စက်တင်ဘာ ၁၅
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်အသိပညာပေးဟောပြောပွဲကို ကျင်းပရာ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် ဟောပြောသည်။
ယင်းနောက် အမှတ်(၁၈)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ လူငယ်များက လူချွန်လူကောင်းသီချင်းဖြင့် သီဆိုကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ပညာသင်နေ သည့်အရွယ်တွင် စာကို ကြိုးစားသင်ယူပြီး စာတတ်စေရန်၊ အတန်းပညာအောင်မြင်စေရေး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ သို့သော် စာတတ်ရုံ ပညာတတ်ရုံဖြင့် ဘဝတွင် ပြည့်စုံနိုင်မည် မဟုတ်ကြောင်း၊ ယခုကျင်းပခဲ့သည့် ဟောပြောပွဲရည်ရွယ်ချက်အတိုင်း ဗလငါးတန်နှင့် ပြည့်ဝသည့် လူငယ်များဖြစ်ကြရန် မျှော်လင့်ကြောင်း၊ ကျန်းမာကြံ့ခိုင်ပြီး အကျင့်စာရိတ္တ ကောင်းမွန်သော လူငယ်များ၊ ပတ်ဝန်းကျင်နှင့် နိုင်ငံတော်အတွက် အတွေးအခေါ် မှန်မှန်ကန်ကန်ဖြင့် ကောင်းကျိုးပြုနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်က လူငယ်များကို အနာဂတ်အင်အားအဖြစ် အားကိုးအားထား ပြုစေချင်ကြောင်း၊ ဘက်ပေါင်းစုံမှ ထူးချွန်ထက်မြက်သော နိုင်ငံ့အနာဂတ်အတွက် ကိုယ်ခံအားကောင်းသော လူငယ်များ၊ ခေါင်းဆောင်များဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးငြိမ်းက လက်ခံ ရယူသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့က ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုတင်ဆက်ကြသည်။
ယင်းနောက် ခန်းမအပြင်ဘက်၌ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် အထင်ကရနေရာများကို ကျောင်းသား ကျောင်းသူ လူငယ်များအား ဗဟုသုတရရှိစေရန် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံ ပြဘုတ်များ ခင်းကျင်းပြသခြင်း၊ ကျောင်းသား ကျောင်းသူလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် အသိပညာပေး စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ မြားပစ်ပြိုင်ပွဲ၊ စက်ပန်းလှည့်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ခွက်နင်းလမ်းလျှောက်ပြိုင်ပွဲများ ကျင်းပပေးခြင်း စသည့်ပျော်ရွှင်ဖွယ်ဂိမ်းများကစား၍ အနိုင်ရရှိသူအား အမျိုးသားစာပေဆုရှင် ဆရာစိုးတင့် (ဧရာဝတီ) မိသားစုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က လှူဒါန်းသော စာရေးကိရိယာနှင့် မုန့်များပေးအပ်ကာ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်(IPRD)