နေပြည်တော် စက်တင်ဘာ ၁၅
အဆင့်မြင့်အရာထမ်း သင်တန်းအမှတ်စဉ် (၁၅) သင်တန်းဆင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြားစီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ယခုအဆင့်မြင့်အရာထမ်းသင်တန်းကို နိုင်ငံတော်၏ မူဝါဒလုပ်ငန်းစဉ်များ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် (Good Governance)၊ သန့်ရှင်းသောအစိုးရ (Clean Government) အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်၍ နိုင်ငံတော်၏ အဆင့်မြင့်တာဝန်များကို အောင်မြင်စွာ သယ်ပိုးထမ်းရွက်နိုင်မည့် အနာဂတ် အဆင့်မြင့်အရာရှိကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ သင်တန်းမှရရှိသည့် ပညာရပ်များကို လက်တွေ့လုပ်ငန်းခွင် နယ်ပယ်တွင်အသုံးချပြီး နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် အစဉ်အလေးထား ပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်း၊ တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက သင်တန်းသား သင်တန်းသူများကို သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား ၂၈ ဦး၊ သင်တန်းသူ ၁၄ ဦး စုစုပေါင်း ၄၂ ဦး တက်ရောက်၍ သင်တန်းကာလမှာ ရက်သတ္တရှစ်ပတ်ကြာမြင့်ခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ပညာဌာနအသီးသီးမှ ပါမောက္ခ၊ ဌာနမှူးနှင့် ဆရာဆရာမများအား နဝရတ်ခန်းမ၌ တွေ့ဆုံဆွေးနွေးပြီး သင်တန်းအလိုက် လက်တွေ့သင်ကြားပို့ချမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပသည့် စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၁၀၅)၏ သင်တန်းဆင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။ အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနအသီးသီးရှိ အငယ်တန်းစာရေး၊ အကြီးတန်းစာရေးနှင့် အဆင့်တူ သင်တန်းသား ၁၅၃ ဦး၊ သင်တန်းသူ ၃၆၇ ဦး စုစုပေါင်း ၅၂၀ တက်ရောက်၍ သင်တန်းကာလမှာ ရက်သတ္တ ၁၀ ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်