Skip to main content

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင် ဦးဆောင်သည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၁၃

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ယနေ့တွင် နေပြည်တော် ပျဉ်းမနားမြို့နယ် သစ်တွန်ကျေးရွာအုပ်စု မရမ်းတောင်(အောက်)ကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော်ကုသရေးဦးစီးဌာန နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် နေပြည်တော် ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက မရမ်းတောင်(အောက်) ကျေးရွာအတွင်းလမ်း ပြုပြင်ပေးနိုင်ရေးအတွက် တိုင်းတာခြင်းတို့ကို ဆောင်ရွက်ကြသည်။

အလားတူ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက မရမ်းတောင်(အောက်) ကျေးရွာအထိ ကွန်ကရစ်လမ်းခင်းပေးရေးနှင့် မရမ်းတောင် (အထက်) ကျေးရွာသွားလမ်း မြေသားလမ်း ဖောက်လုပ်ပေးနိုင်ရေးတိုင်းတာခြင်းများ ဆောင်ရွက်ကြပြီး ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပန်းခင်းစီမံချက် (၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထိန်နှင့် နေပြည်တော် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ စံထွန်းဝေတို့သည် မရမ်းတောင် (အောက်) ကျေးရွာရှိ သီရိမင်္ဂလာကျောင်းတိုက်ဓမ္မာရုံ၌ ဒေသခံတိုင်းရင်းသားလူငယ်များနှင့် တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

သတင်းစဉ်