နေပြည်တော် စက်တင်ဘာ ၁၂
ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်စေရေးအတွက် နေပြည်တော် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်း(စံပြ)ကျေးရွာ၌ ကျင်းပသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် နေပြည်တော်စီမံကိန်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ယခု သင်တန်းဆင်းများအနက်မှ ထူးချွန်ပြီး အမှန်တကယ် လုပ်ငန်းပြန်လည်လုပ်ကိုင်မည့်သူ ငါးဦးကို တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်းနှင့် ညီမျှသော လိုအပ်သည့်ရင်းနှီးပစ္စည်းများ သုံးစွဲခွင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် လက်တွေ့အသုံးချနိုင်သည်အထိ စနစ်တကျ လေ့လာသင်ယူ ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နေပြည်တော်ကောင်စီဝင်က စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ဝင်များကို စီမံကိန်းဝတ်စုံများ ထောက်ပံ့ ပေးအပ်သည်။
ထို့ပြင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ပိုင်းက ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စားစက်မှု ဇုန်သို့ရောက်ရှိပြီး စက်မှုဇုန်အတွင်း စက်ရုံ၊ အလုပ်ရုံများ ဆောက်လုပ်နေမှုနှင့် ဇုန်သန့်ရှင်းသာယာ လှပရေးဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် လယ်ဝေးမြို့နယ် စည်ပိုင်းကျေးရွာအုပ်စု ချမ်းသာကြီးကျေးရွာရှိ လယ်ဝေး-သစ်ပုတ်ပင်ကားလမ်း ပြန်လည်ပြုပြင်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့ပြင် နေပြည်တော်ကောင်စီဝင်သည် ပုဗ္ဗသီရိမြို့နယ် အောင်သာယာရပ်ကွက်ရှိ မိုးသီရိအထည် ချုပ်လုပ်ငန်းစက်ရုံအတွင်း အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ဒေသတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးဆောင်ရွက်နိုင်သည်များကို အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်