Skip to main content

ထိုင်းနိုင်ငံသို့ MoU U-turn စနစ်ဖြင့် အလုပ်သမားစေလွှတ်နိုင်ရေး မြဝတီမြို့နှင့် ကော့သောင်းမြို့တို့တွင် One Stop Services စနစ်ဖြင့် စခန်းများ စတင်ဖွင့်လှစ်ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၁၁

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်အရ သက်တမ်းလေးနှစ်ပြည့်ပြီးသည့် Passport သက်တမ်းနှစ်နှစ်နှင့်အထက် သက်တမ်းကျန်ရှိနေသော အလုပ်သမားများကို နယ်စပ်ဂိတ်များမှတစ်ဆင့် MoU U-turn စနစ်ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လုပ်ကိုင် နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် မြဝတီမြို့နယ် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)နှင့် ကော့သောင်းမြို့နယ် အေးရိပ်ငြိမ်ရပ်ကွက် ရွှေဝက်ဝံရေခဲစက်ဝင်းအတွင်းတို့၌ One Stop Service စနစ်ဖြင့် လုပ်ငန်းစဉ်များ စတင်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အလုပ်သမား ဝန်ကြီးဌာနတို့ပူးပေါင်းပြီး ထိုင်းနိုင်ငံတွင်နေထိုင် လုပ်ကိုင်လျက်ရှိသည့် MoU သက်တမ်း လေးနှစ်ပြည့် အလုပ်သမားများကို ထိုင်းနိုင်ငံသို့ အချိန်တိုအတွင်း ပြန်လည်ဝင်ရောက် လုပ်ကိုင်နိုင်ရန်အတွက် အလုပ်ရှင်၊ အလုပ်သမားအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်(OWIC)ရိုက်နှိပ်ခြင်းများကို မြဝတီမြို့နှင့် ကော့သောင်းမြို့တို့တွင် One Stop Service (OSS)ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

မြဝတီမြို့နှင့် ကော့သောင်းမြို့တို့တွင် One Stop Service(OSS)ဖြင့် OWIC ထုတ်ပေးရေးဆောင်ရွက်ရာတွင် အချိန်နှောင့်နှေးကြန့်ကြာမှုမရှိစေရန် မြန်မာနိုင်ငံဘက်သို့ရောက်ရှိပြီး အချိန်တိုအတွင်း လုပ်ငန်းပြီးစီးအောင်ဆောင်ရွက်၍ ယင်းနေ့အတွင်း ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်သည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်